တာချီလိတ် ၃ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ သင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်းကျဆင်းစေရန် ကြိုတင်ဆောင်ရွက်သည့်အနေဖြင့် ကွမ်းယာဆိုင်များနှင့် ဆေးဆိုင်များတွင် လိင်/ကာမစိတ်ကြွဆေးများနှင့် တားမြစ်ဆေးဝါးများ ရောင်းချခြင်းမရှိစေရေးအတွက် ဆေးဆိုင်ပိုင်ရှင်များအား ကြိုတင်ညှိနှိုင်း အသိပညာပေးခြင်းကို ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့စု(၃၀)၊ ရဲဗလခန်းမတွင် ခေါ်ယူဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာဝန်ခံဦးစီးအရာရှိ ဒေါက်တာအောင်တိုးက လိင်မှုဆိုင်ရာ ဆေးဝါးများအကြောင်းကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး လှဦးက တားမြစ်ဆေးဝါးများ၊ လိင်/ကာမစိတ်ကြွဆေးများနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များအားလည်းကောင်း၊  မူးယစ်တပ်ဖွဲ့စု(၃၀) တာချီလိတ်မှ တပ်ဖွဲ့စုမှူး ရဲမှူး မျိုးမင်းလှိုင်က မဟာသင်္ကြန်ပွဲတော်ကာလအတွင်း လိင်/ကာမ စိတ်ကြွဆေးများအပါအဝင် တားမြစ်ဆေးဝါးများ ရောင်းချ/သုံးစွဲခြင်းမရှိစေရေး သိကောင်းစရာများကိုလည်းကောင်း ရှင်းလင်းဆွေးခဲ့ရာ တက်ရောက်လာသူ ဆေးဆိုင်ပိုင်ရှင်များ၏ သိရှိလိုသည်များကို တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံညှိနှိုင်း အစည်းအဝေးသို့ ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မူးယစ်တပ်ဖွဲ့စု (၃၀) တာချီလိတ်မှ တပ်ဖွဲ့စုမှူးနှင့် တာဝန်ရှိသူများ၊ တာချီလိတ်မြို့၊ တာလေမြို့၊ ကျိုင်းလပ်မြို့ပေါ်မှ ဆေးဆိုင်ပိုင်ရှင်များ စုစုပေါင်း ၄၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မြင့်မိုရ်(တာချီလိတ်)