မကွေး ၁၁ ဧပြီ
၁၃၈၀ ခုနှစ်၊ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို မကွေးတိုင်းဒေသကြီးမကွေးမြို့တွင် ဗဟိုမဏ္ဍပ်တစ်ခု၊ မြို့ပေါ်တွင် ရေကစားမဏ္ဍပ်(၈)ခုနှင့် မဲထီးလမ်းထိပ်မှ ကျောက်သားဥယျာဉ်ထိ လမ်းလျှောက်သင်္ကြန်ကို စတုဒိသာမဏ္ဍပ်များ ဖျော်ဖြေရေး မဏ္ဍပ်များဖြင့် စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဗဟိုမဏ္ဍပ်တွင် ဌာနဆိုင်ရာများနှင့် ရပ်ကွက်တို့မှ ယိမ်း(၁၄)ယိမ်းဖြင့် အလှည့်ကျ ဖျော်ဖြေယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွှင်စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်အတွက် ရေကစားမဏ္ဍပ်များတွင် စည်းကမ်းထိမ်းသိမ်းရေးကော်မတီများဖွဲ့စည်း၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်ပူးပေါင်းပြီး လုံခြုံရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဗဟိုမဏ္ဍပ်နှင့်လမ်းလျှောက်သင်္ကြန်တွင် ကွပ်ကဲရေးရုံးအဖွဲ့များ ဖွဲ့စည်း၍ ထိန်းသိမ်းစောင့်ရှောက် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ သင်္ကြန်အတက်နေ့တွင် ပြိုင်ပွဲဝင် ယိမ်းများမှ ဆုရရှိသည့်ယိမ်းအဖွဲ့များအား ဆုချီးမြှင့်ပြီး သင်္ကြန်ပွဲကို ပိတ်သိမ်းမည်ဖြစ်သည်။
၁၃၈၁ ခု၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် မကွေးမြို့ဧရာဝတီမြစ်ကမ်း ညောင်ကိုးပင်ဆိပ်၌ ဇီဝိတဒါနငါးလွှတ်ပွဲကျင်းပပြုလုပ်ပြီး မကွေးမြို့ရှိ ဖန်ခါးမြေဘိုးဘွားရိပ်သာ၌ အသက် ၈၅ နှစ်နှင့် အထက်ဘိုးဘွား ၆၆ ဦးအား ပူဇော်ကန့်တော့ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။ မကွေးမြို့တွင် အန္တရာယ်ကင်းရှင်းစေရေးအတွက် ဆရာတော် သံဃာတော်များနှင့် မကွေးမြို့အား ပတ်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သတင်းရရှိသည်။
MDN


