နေပြည်တော် ၈ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ ရွှေတိဂုံဘုရားလမ်း၊ ဓမ္မရက္ခိတကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသော မဟာဝိဇယ စေတီတော်ကြီး၏ ဂန္ဓကုဋီတိုက်အတွင်းရှိ အပ္ပရာဇိတပလ္လင်ပေါ်၌ သီတင်းသုံးစံပယ်လျက်ရှိသည့် “မုဉ္စလိန္ဒာ နဂါးမျိုးနွယ်၊ နဂါးကိုးကောင်တို့က ဆင်းတုတော်အား အသွယ်သွယ် ရစ်ပတ်ကာ ခန္ဓာကိုယ်များကို သင်္ကန်းသဖွယ် ကပ်လှူပူဇော်ထားအပ်သော နာဂစီဝရာပဋပဋိမာ မြတ်စွာဘုရားဆင်းတုတော်မြတ်”ကို ရောင်ခြည်တစ်ထောင် အလင်းဆောင်သည့် ဘာဏုရာဇာနေမင်းကြီးသည် မိမိအလင်းရောင်ဖြင့် တစ်နှစ်တွင် တစ်လ၊ တစ်လတွင် တစ်ရက် ၁၃၈၁ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ (၁၇) ရက်(ဗုဒ္ဓဟူးနေ့)နံနက် ၈ နာရီ ၃၅ မိနစ်တွင် တစ်ကြိမ်၊ ညနေ ၃ နာရီ ၂၅ မိနစ်တွင် တစ်ကြိမ်၊ နှစ်ကြိမ် တိုင်တိုင် ပူဇော်မည်ဖြစ်သည်။
နေမင်းကြီးက မြတ်စွာဘုရားအား အလင်းရောင်ဖြင့် ဦးခိုက်ပူဇော်ချိန်တွင် ဗုဒ္ဓဘာသာဝင် သူတော်စင်များအနေဖြင့် မြတ်စွာဘုရားအားပူဇော်၍ ဆုတောင်း အဓိဋ္ဌာန်ပြုကြပါက အဓိဋ္ဌာန်အောင်မြင်ပြီး၊ ဆုတောင်းပြည့်ဝ နိုင်ကြသည့်အတွက် ထူးမြတ်လှသောအချိန်အခါတွင် မဖူးလိုက်ရ၊ မရှိရလေအောင် သွားရောက် ဖူးမြော် ကြည်ညိုနိုင်ကြောင်း မဟာဝိဇယစေတီတော်ဂေါပကအဖွဲ့ထံမှ သိရသည်။
(သတင်းစဉ်)


