မီးဖိုမီးကြွင်းမီးကျန်မှ တဆင့် မီးလောင်မှု ဖြစ်ပွား

မင်းဘူး ၂၁ ဇန်နဝါရီ    

    
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာအုပ်စု၊ ရွှေရောင်တော်ကျေးရွာအနီးတွင် ဇန်နဝါရီ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ် အချိန်ကမီးဖိုမီးကြွင်းမီးကျန်မှတဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မင်းဘူးခရိုင်မီးသတ်စခန်းမှ သိရသည်။


ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၀ ရက်နေ့က မင်းဘူးမြို့နယ်၊ ထောက်ရှာပင် ကျေးရွာအုပ်စု၊ ရွှေရောင်တော်ကျေးရွာမြောက်ဘက်ရွာလေး၊ ဧရာဝတီမြစ်ကမ်းနားနေ ဒေါ်ဝိုင်းစိန်၏ သွပ်မိုး/ဝါးထရံကာ/ ဝါးကြမ်းခင်း (၃×၄)ပင် နေအိမ်၌ ယင်းနေ့ နံနက်ပိုင်းက ရေနွေးအိုးတည်ရာမှ မီးမငြိမ်းသတ်ဘဲထားမိရာ မီးကြွင်းမီးကျန်မှ မီးလောင်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။


မီးလောင်မှုဖြစ်ပွားရာနေရာသို့ မင်းဘူး ခရိုင်မီးသတ်ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးကျော်နှင့်အဖွဲ့မှ မီးသတ်ရေယာဉ် (၂) စီး၊ ကျေးရွာသူ/ ရွာသားများမှ ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့်လူနှင့် တိရိစ္ဆာန်ထိခိုက်မှု မရှိကြောင်းနှင့် မီးပေါ့ဆစွာအသုံးပြုသူ ကို မင်းဘူးမြို့မရဲစခန်းမှ စစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။    

            
သတင်း-မျိုးမြတ်(မင်းဘူး)    
ဓါတ်ပုံ-ဂျေဂျေ

 

mdn