မီးသတ်တပ်ဖွဲ့၏ စွမ်းရည် သို့မဟုတ် ခေတ်မီယာဉ်ယန္တရားများ၏ စွမ်းအား

အမေး၊ အရေး-မော်စီ၊ ဓာတ်ပုံ-ကိုကိုစိုးညွှန့်

စွမ်းရည်ထက်မြက်ပြီး စွမ်းပကားမြင့်မားသည့် မီးသတ်တပ်ဖွဲ့ဖြစ်စေရန် တပ်ဖွဲ့ဝင်များ၏ သတ္တိစွမ်းရည်နှင့် နိုင်ငံတကာ အဆင့်မီ ခေတ်မီယာဉ် ယန္တရားများ၏ စွမ်းပကားနှစ်ရပ်လုံး ပြည့်စုံရန် လိုအပ်ပေသည်။

ယနေ့ ကမ္ဘာပေါ်တွင် ရာသီဥတုပြောင်းလဲမှုနှင့်အတူ အပူလွန်ကဲခြင်း၊ အအေးလွန်ကဲခြင်းများနှင့် ရေဘေး၊ လေဘေး၊ မီးဘေး၊ ငလျင်ဘေး စသည့် သဘာဝဘေးအန္တရာယ်များ ပိုမိုဖြစ်ပွားလျက်ရှိသည်။ သဘာဝ ဘေးအန္တရာယ်များ ဖြစ်ပွားပါက တုံ့ပြန်ရေး၊ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို ယုံကြည်မှုအပြည့်၊ လုံခြုံမှုအပြည့်ဖြင့် မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန် လိုအပ်လှသည်။

ထိုသို့ဆောင်ရွက်ရန် သတ္တိနှင့် စွမ်းရည်ပြည့်ဝသည့် တပ်ဖွဲ့ဝင်များအပြင် နိုင်ငံတကာအဆင့်မီ ခေတ်မီယာဉ် ယန္တရားများနှင့် ဆက်စပ်ပစ္စည်း ကိရိယာများ၏ စွမ်းဆောင်ရည်များ ပိုင်ဆိုင်မှုသည် လွန်စွာအရေးပါသည့် အခန်းကဏ္ဍတစ်ခု ဖြစ်သည်။

မြန်မာနိုင်ငံတွင် သဘာဝ ဘေးအန္တရာယ်များနှင့် မီးလောင်ကျွမ်းမှုများ များပြားလာသဖြင့် ပိုလန်နိုင်ငံအစိုးရ နောက်ခံအခြေပြုဥရောပသမဂ္ဂ၏ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှုချေးငွေ အစီအစဉ်ဖြင့် ယူရိုသန်း၅၀ တန်ဖိုးရှိ ခေတ်မီအဆင့်မြင့် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ယာဉ်များ၊ မီးသတ်အထောက်အကူပြု ယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများကို ဝယ်ယူခဲ့ကြောင်း သိရသည်။

ပိုလန်နိုင်ငံအစိုးရ၏ ODA အစီအစဉ် ချေးငွေဖြင့် ခေတ်မီယာဉ်ယန္တရားများ ဝယ်ယူခဲ့မှုနှင့် စပ်လျဉ်း၍ မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူနှင့် တွေ့ဆုံမေးမြန်းထားသည်များကို ပြန်လည် ဖော်ပြလိုက်ပါသည်။

မေး။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ODA အစီအစဉ်နဲ့ မီးငြှိမ်းသတ်ရေးနဲ့ ရှာဖွေကယ်ဆယ်ရေးယာဉ်တွေ၊ မီးသတ် အထောက်အကူပြု ယာဉ်တွေ ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။ ODA အစီအစဉ်နဲ့ ဒီပစ္စည်းတွေ ဝယ်ယူဖို့ ဆောင်ရွက်ခဲ့တာနဲ့ ပတ်သက်ပြီး ပြောပြပေးစေလိုပါတယ်။

ဖြေ။ ODA အစီအစဉ်နဲ့ ဝယ်ယူဖို့ ပိုလန်နိုင်ငံနဲ့ ၂၀၁၅ ခုနှစ်မှာ စတင်ဆက်သွယ် ဆောင်ရွက်ခဲ့ပေမယ့် မပြီးပြတ်ခဲ့ပါဘူး။ အစိုးရ အပြောင်းအလဲကြောင့် နှောင့်နှေးသွားပေမယ့် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုနဲ့ အစိုးရအဖွဲ့ကို တင်ပြတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လက်ခံခွင့်ပြုပေးခဲ့ပြီး အစိုးရအဖွဲ့ အစည်းအဝေးကို တင်ပါတယ်။ အဲဒီနောက် လွှတ်တော်ကို တင်ပြခဲ့ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပံ့ပိုးမှုတွေဟာ အများကြီး အားရှိခဲ့ပါတယ်။

ကျွန်တော်တို့ လုပ်ဆောင်ချက်၊ လှုပ်ရှားမှုတွေဟာ ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရမှာ ဖြစ်ပါတယ်။ Manual ခေတ်ကနေ Digital ခေတ်ကို ကူးပြောင်းတဲ့အခါမှာ ကျွန်တော်တို့ တောင့်တနေတဲ့ ဆန္ဒတွေကို လွှတ်တော်က ဝိုင်းဝန်းပံ့ပိုး ဆွေးနွေးပြီး အကူအညီတွေ အများကြီးပေးခဲ့တဲ့အတွက် အခုလို ယာဉ်ယန္တရားတွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

မေး။ ODA နဲ့ ဝယ်ယူရတဲ့ အဓိကရည်ရွယ်ချက်ကို ပြည်သူတွေသိရှိအောင် ပြောပြပေးစေချင်ပါတယ်။

ဖြေ။ ODA နဲ့ ဝယ်ယူရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဝန်ကြီးဌာနအသီးသီး၊ တပ်ဖွဲ့ဌာန အသီးသီးတွေက နိုင်ငံတကာက ချေးငွေတွေနဲ့ ကိုယ့်ပုံစံနဲ့ကိုယ် လုပ်ခဲ့ကြပါတယ်။ ဥရောပသမဂ္ဂရဲ့ တစ်စိတ်တစ်ပိုင်း ကူညီထောက်ပံ့မှု လို့ခေါ်တဲ့ ODA ချေးငွေကျတော့ သူတို့ပေးတဲ့ အတိုးနှုန်းက သုည ဒသမ ၁၅ ရာခိုင်နှုန်းနဲ့ အတိုးပေးသက်တမ်း အစအဆုံး နှစ် ၆၀ သတ်မှတ် ပေးထားပါတယ်။ ငါးနှစ်ကတော့ ဆိုင်းငံ့ကာလအဖြစ် ဆောင်ရွက်ပေးခဲ့ပါတယ်။ ငါးနှစ်ပြီးမှ အရင်းကို ပြန်ဆပ်တဲ့စနစ် ဖြစ်ပါတယ်။ ဒီအတိုးနှုန်း ဒီသက်တမ်းနဲ့ ချေးငွေရရှိဖို့ ဆောင်ရွက်ဖို့ဆိုတာ သူတို့ဘက်က ကျွန်တော်တို့ကို တော်တော်လေး ပံ့ပိုးပေးခဲ့သလို စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း သေချာသုံးသပ် ဆွေးနွေးပေးခဲ့ပါတယ်။

မေး။ ဝယ်ယူခဲ့တဲ့ စက်အမျိုးအစားတွေနဲ့ သူတို့ရဲ့ စွမ်းဆောင်မှု၊ အသုံးဝင်ပုံကိုလည်း သိချင်ပါတယ်။

ဖြေ။ ဝယ်ယူတဲ့ စက်အမျိုးအစားကတော့ ကိုးမျိုးပါ။ ကိုးမျိုးကတော့ အဓိက စာချုပ်ချုပ်တဲ့အခါမှာ ပါဝင်တဲ့ အမျိုးအစားတွေပါ။ အမျိုးအစား တစ်ခုချင်း ပြောရမယ်ဆိုရင် မီးငြှိမ်းသတ်ယာဉ်တွေ၊ Multifunction ပါတဲ့ မီးငြှိမ်းသတ်ယာဉ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အရင်ကရှိတဲ့ မီးငြှိမ်းသတ်ယာဉ်တွေက ရိုးရိုးပဲ မီးငြှိမ်းသတ်လို့ ရပါတယ်။ အခုရတဲ့ မီးငြှိမ်းသတ်ယာဉ်ကတော့ Multi ဆိုတဲ့အတိုင်း မီးငြှိမ်းတာ ဖြစ်ပါတယ်။ ရေနဲ့ငြှိမ်းခြင်း၊ Foam System ပါတဲ့အတွက် ဆီကြောင့်လောင်တဲ့ မီးတွေ၊ ကယ်ဆယ်ရေးပစ္စည်း အပြည့်အစုံ စနစ်ကို ထည့်ပေးထားပါတယ်။

ကားတစ်စီးဟာ မီးငြှိမ်းသတ်ရုံသာမက ကယ်ဆယ်ရေး လုပ်ငန်းကိုပါ တစ်ပြိုင်နက် လုပ်ရတဲ့ စနစ်တွေ ပါပါတယ်။ နောက်တစ်မျိုးက အထပ်မြင့်မှာရှိတဲ့ လူတွေကို ကယ်ဆယ်ရေး လုပ်မယ်ဆို ၂၅ မီတာအမြင့်ထိ လှေကားပါရှိတဲ့အတွက် လူလည်းကယ်၊ မီးလည်းသတ်လို့ ရပါတယ်။ ၂၅ မီတာဆိုတာ ပေအားဖြင့် ၇၅ ပေကျော် ရှိတယ်။ အထပ်အနေနဲ့တွက်ရင် ခြောက်ထပ်၊ ခုနစ်ထပ်မှာ မီးငြှိမ်းသတ်လို့ရတယ်။ နောက်တစ်မျိုးက ၄၈ မီတာအမြင့်ရှိတဲ့ လှေကားတင်ယာဉ်က ပေအားဖြင့်ပေ ၁၅၀ ရှိတဲ့အတွက်ကြောင့် အထပ်အားဖြင့်၁၅ ထပ် အဆောက်အအုံမှာ မီးလောင်မှုဖြစ်ရင် ရှာဖွေကယ်ဆယ်ရေး လုပ်မယ်ဆို လုပ်လို့ရပါတယ်။

နောက်တစ်မျိုးကတော့ ကယ်ဆယ်ရေးယာဉ်ပေါင်း လေးစီး၊ မီးငြှိမ်းသတ်ယာဉ် ၂၅ စီး၊ ၂၅ မီတာ ပလက်ဖောင်း ယာဉ် ၁၀ စီး၊ ၄၈ မီတာ ပလက်ဖောင်းယာဉ် ငါးစီး၊ ၄x၄ ရှာဖွေကယ်ဆယ်ရေးယာဉ် လေးစီး ဖြစ်ပါတယ်။ အဓိကက ကျွန်တော်တို့ နိုင်ငံအနေနဲ့ ပြန်ကြည့်မယ်ဆိုရင် ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေရဲ့ လမ်း၊ တံတားအနေအထားက ၄x၄ ယာဉ်နဲ့ပဲ သင့်တော်ပါတယ်။ အဓိကက မှောက်နေတဲ့ယာဉ်၊ တိမ်းစောင်းယာဉ်ကို ဆွဲတင်၊ ဆွဲမလုပ်ရင် ၇၀ မီတာအထိ ချိန်းကြိုးကို ဆွဲထုတ်ပြီးပေ ၂၀ ထိ ဆွဲတင်၊ ဆွဲမနိုင်ပါတယ်။

၄ x ၄ ထက် နည်းနည်းကြီးတဲ့ ယာဉ်ကြီး ၆ x ၆ ငါးစီးပါတယ်။ ၄ x ၄ လိုပဲ နည်းနည်းကြီးပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေကို ဖြန့်ခွဲထားရှိမှာ ဖြစ်တယ်။ ချင်း၊ ကယား၊ ရခိုင်စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးများအပြင် အမြန်လမ်းကိုပါ ဖြန့်ခွဲထားပါတယ်။ ၄x၄ နဲ့ ၆x၆ ယာဉ် ငါးစီးကို ကချင်၊ တနင်္သာရီ၊ ရန်ကုန်၊ ရှမ်းအရှေ့(တာချီလိတ်)၊ ဧရာဝတီမှာ ထားတယ်။ Towing ယာဉ်က ကရိန်းပါတယ်။ တန် ၃၀ ထိ အလေးချိန်ရှိ ယာဉ်တွေ၊ အဆောက်အအုံကြီးတွေ၊ ၇၀ မီတာအနက် ချောက်ထဲကျနေတဲ့ ဟာမျိုးဆိုရင် ဆွဲတင်လို့ရတဲ့ ၈ x ၄ ယာဉ် ဖြစ်ပါတယ်။ စုစုပေါင်းယာဉ် ကိုးစီးပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှာ တစ်စီး၊ ဗဟိုမီးသတ် သင်တန်းကျောင်း (ပြင်ဦးလွင်)အတွက် တစ်စီး၊ ကျောင်းမှာထားတဲ့ ရည်ရွယ်ချက်က သင်တန်းသားတွေ သရုပ်ပြလေ့ကျင့်ဖို့၊ မတော်တဆ ဖြစ်စဉ်တွေ ဖြစ်ပွားလာပါက ထုတ်သုံးလို့ရအောင် ပြင်ဦးလွင်မှာ ထားခြင်းဖြစ်ပါတယ်။ စစ်ကိုင်းမှာ တစ်စီး၊ ပဲခူးတိုင်းဒေသကြီး (အရှေ့)နဲ့ (အနောက်)မှာ နှစ်စီး၊ မန္တလေးမှာ တစ်စီး၊ ရန်ကုန်ဧရိယာမှာလည်း စီးပွားရေးဇုန်ဖြစ်ပြီး အထပ်မြင့်များလည်းရှိလို့ ရန်ကုန်မှာ တစ်စီး ထပ်မံထားရှိပါတယ်။ ကျောက်မဲမှာ တစ်စီး၊ ပလွေးအမြန်လမ်းမှာ တစ်စီးထားပါတယ်။

ရန်ကုန်-မန္တလေး လမ်းဟောင်းနဲ့ အမြန်လမ်း နှစ်နေရာစလုံး သုံးနိုင်အောင်လို့ထားခြင်း ဖြစ်ပါတယ်။ Lifting ယာဉ်နဲ့ Towing ယာဉ်တွေ ကွာခြားချက်က Lifting ယာဉ်က တန် ၄၀ အလေးကို မနိုင်တယ်၊ ငလျင်ဇုန်အတွက် အဓိက သုံးဖို့အတွက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှာ တစ်စီး၊ နေပြည်တော်(ဗဟို)မှာ တစ်စီး၊ ကရင်ပြည်နယ် မြဝတီလမ်းကြောင်းမှာ တစ်စီး၊ စစ်ကိုင်းမှာ ငလျင်ကြောရှိလို့ Lifting တစ်စီး၊ Towing တစ်စီး ပေါင်း နှစ်စီးထားပါတယ်။ ပဲခူးကလည်း ငလျင်ဇုန်ဖြစ်လို့ တစ်စီး ထားပါတယ်။ မကွေးမှာ တစ်စီး၊ မန္တလေးမှာ တစ်စီး၊ မွန်ပြည်နယ်မှာ တစ်စီး ထားပါတယ်။ ရန်ကုန်မှာ တစ်စီး ထပ်ထားပါတယ်။ တောင်ကြီးမှာ တစ်စီး စုစုပေါင်း ၁၀ စီး ဖြန့်ခွဲသွားမှာ ဖြစ်ပါတယ်။

CBRNe ယာဉ်က လက်ရှိတော့ ရောက်ရှိခြင်း မရှိသေးပါဘူး။ လက်ရှိ စုစုပေါင်း ယာဉ်အစီး ၆၀ ရောက်ပြီး ထပ်မံရောက်ရှိဖို့ ၁၅ စီး ကျန်ပါသေးတယ်။ CBRNe ယာဉ်ဟာ ဓာတု၊ ဇီဝ၊ ရေဒီယို သတ္တုကြွနဲ့ နျူကလီးယား ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး တစ်ခုခု မတော်တဆဖြစ်ခဲ့ရင် ရှင်းလင်းဖယ်ရှားဖို့ အဓိကဖြစ်ပါတယ်။ ဒီယာဉ်ထဲမှာပါတဲ့ ဝတ်စုံ၊ ကိရိယာအပါအဝင် တပ်ဖွဲ့ဝင်တွေကို စနစ်တကျ လေ့ကျင့် သင်ကြားပေး ထားတာကြောင့် ယာဉ်နှစ်စီးကို ရန်ကုန်မှာ တစ်စီး၊ နေပြည်တော်မှာ တစ်စီးထားပါတယ်။ နောက်တစ်မျိုးကတော့ လူနာတင်ယာဉ် (mini hospital) ပါ စုစုပေါင်းယာဉ် ၇၅ စီး ရရှိမှာ ဖြစ်ပါတယ်။

မေး။ မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ စက်ပစ္စည်းကိရိယာတွေကို ဝယ်ပြီး အသုံးပြုနိုင်ဖို့၊ မီးသတ်တပ်ဖွဲ့ဝင်တွေ ကျွမ်းကျင်စွာ မောင်းနှင်အသုံးပြုနိုင်ဖို့ ဘယ်လို စီစဉ်ဆောင်ရွက်ထားပါသလဲ။

ဖြေ။ ODA အစီအစဉ် စာချုပ်ထဲမှာ တပ်ဖွဲ့ဝင် သင်တန်းသား ၂၂ ဦး၊ သင်တန်းသူ နှစ်ဦး စုစုပေါင်း ၂၄ ဦးကို ရက်သတ္တ ခြောက်ပတ်ကြာ ပိုလန်မှာ သင်တန်းတက်ရောက် သင်ယူခဲ့ပါတယ်။ ပထမအသုတ် ရောက်ရှိလာတဲ့ ကားနဲ့အတူ သင်တန်းပေးမယ့် နိုင်ငံခြားသားနည်းပြတွေ ပါလာပါတယ်။ သင်တန်းသား သင်တန်းသူ ၂၄ ဦးနဲ့ တိုင်းဒေသကြီးမှာ ရှိတဲ့စက်ပစ္စည်း ကိုင်တွယ်မောင်းနှင်မယ့် တာဝန်ခံတွေကို စနစ်တကျ သုံးနိုင်အောင် သင်ကြားပေးခဲ့ပါတယ်။ အခုရောက်ရှိတာဆိုရင် ငါးသုတ်ရှိပါပြီ။ ငါးသုတ်လုံးမှာ သင်တန်းပေးတဲ့ နိုင်ငံခြားသားတွေ ပါပါတယ်။ အသေးစိတ်လည်း သင်ကြားပေးပါတယ်။

သင်တန်းပေးတဲ့နေရာမှာ ဆက်ပြီး အသုံးပြုလို့ရအောင် Simulator တစ်ခုကို လေ့ကျင့်နိုင်ဖို့အတွက် ODA အစီအစဉ်မှာ မပါဘဲ သီးသန့်ထပ်ဆောင်း ဆောင်ရွက်ပေးပါတယ်။ တပ်ဖွဲ့ဝင်တွေကို သင်တန်းတစ်ခု အနေနဲ့ Simulator သင်တန်းပေးသွားလို့ ရတဲ့အတွက် တန်ဖိုးရှိတဲ့အရာ ရရှိခဲ့ပါတယ်။ နောက်တစ်ခု LUF - 60 မောင်းသူမဲ့ ယာဉ်ထိန်းချုပ် ကိရိယာနဲ့ သွားလာနိုင်တဲ့ ယာဉ်အပိုဆောင်းအနေနဲ့ ထပ်ပေးခဲ့တာ ဖြစ်ပါတယ်။

မေး။ ခေတ်မီ မီးငြှိမ်းသတ်ယာဉ်၊ ရှာဖွေကယ်ဆယ်ရေးယာဉ်၊ စက်ပစ္စည်းတွေ ဝယ်ယူရတဲ့ အဓိက ရည်ရွယ်ချက်ကို သိချင်ပါတယ်။ နောက်ပြီး နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် ရရှိလာမယ့် အကျိုးကျေးဇူး တွေကိုလည်း မျှဝေပေးစေလိုပါတယ်။

ဖြေ။ ကျွန်တော်တို့တပ်ဖွဲ့က အခုဆို သက်တမ်းအားဖြင့် ၇၂ နှစ် ရှိခဲ့ပြီဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ်အထိ မီးသတ်တပ်ဖွဲ့က တစ်နိုင်ငံလုံးမှာ မီးငြှိမ်းသတ်ယာဉ် ၁၂၈၂ စီးပဲ ရှိခဲ့ပါတယ်။ အလှူငွေနဲ့ ရရှိခဲ့တဲ့ကားတွေပဲ ဖြစ်ပါတယ်။ ဒီလိုရပ်တည်ခဲ့ပြီး ဒီမိုကရေစီစနစ် ကူးပြောင်းလာတဲ့အခါမှာ ဘတ်ဂျက်နဲ့ စပြီး အသုံးပြုခဲ့ရပါတယ်။ အဲဒီလို အသုံးပြုခွင့် ရတဲ့အချိန်မှ ပြည်နယ်နဲ့ တိုင်းဒေသကြီး အသီးသီးမှာ ယာဉ်စီးရေ အစီး ၂၀ဝဝ လောက်ဝ ယ်ယူခွင့် ရခဲ့ပါတယ်။

သုံးခွင့်ရတဲ့ ဘတ်ဂျက်အနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အနှံ့ရောက်အောင် ဆောင်ရွက်ခဲ့ရတယ်။ ဒီလိုရောက်ဖို့ ဘတ်ဂျက်များများ မသုံးနိုင်တဲ့အတွက် တပ်ဖွဲ့ဝင်တွေ အနေနဲ့ တရုတ်နိုင်ငံထုတ် ကားတွေကို သုံးခဲ့ရတယ်။ ODA ယာဉ်ကတော့ Hightech system စနစ်ဖြစ်ပြီး နိုင်ငံတကာမှာလည်း တကယ်သုံးနေတာ ကြာခဲ့ပါပြီ။ အရင်ဖြတ်သန်းခဲ့တဲ့ အနေအထားအရ လှူဒါန်းမှုနဲ့ ရပ်တည်ပြီး သုံးခဲ့ရတဲ့ ကားတွေဟာ 95 Modern ဟာ အမြင့်ဆုံး ဖြစ်နေပါတယ်။ 95 Modern နဲ့ ပြည်သူတွေကို ကယ်တင်တဲ့အခါမှာ ကျွန်တော်တို့ ကိုယ်တိုင်က လုံခြုံဘေးကင်းဖို့ ကြိုးစားနေရတယ်။ အခုယာဉ်တွေကတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ သွားရတယ်။ အခုတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီဆိုရင် ပြည်သူကို ကယ်ဆယ်တဲ့ နေရာမှာလည်း အကောင်းဆုံး လုပ်နိုင်မှာ ဖြစ်ပါတယ်။ပြည်သူကို ရှာဖွေကယ်ဆယ်ရေး လုပ်တဲ့အခါမှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတော့ ပိုပြီးတော့လည်း အကျိုးရှိပါတယ်။ သဘာဝ ဘေးအန္တရာယ်နဲ့ ပတ်သက်ရင် ကယ်ဆယ်ဖို့အတွက် အဓိကထားပြီး ပစ္စည်းတွေရရှိခြင်း ဖြစ်ပါတယ်။

မေး။ ဖြည့်စွက် ပြောကြားချင်တာရှိရင်လည်း ပြောကြားပေးပါ။

ဖြေ။ အခုလို ဥရောပနိုင်ငံနဲ့ ရခဲ့တဲ့ အတွေ့အကြုံတွေက ကြီးကြီးမားမား ရရှိခဲ့တဲ့အ တွေ့အကြုံတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ စနစ်ကျမှုဟာ သူတို့ပစ္စည်း မရောက်ခင်ကတည်းက သင်တန်းပေးတယ်။ ပစ္စည်းရောက်တိုင်းလည်း သင်တန်းပေးတယ်။ ဒါ့အပြင် ဒီကားတွေ ရေရှည်တည်တံ့ဖို့လည်း ခြောက်လ တစ်ကြိမ် စစ်ဆေးဖို့ စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆို ထားပါတယ်။ ခြောက်လတစ်ကြိမ် စစ်ဆေးပေးမှာဖြစ်လို့ သုံးနှစ်ခွဲဖြစ်တဲ့အတွက် ယာဉ်တွေ ကြံ့ခိုင်ဖို့သူတို့ရဲ့ နည်းပညာကို ရရှိမှာဖြစ်ပါတယ်။

အပိုပစ္စည်းတွေကို သုံးနှစ်စာ အပိုပစ္စည်းတွေ ပါလာမှာ ဖြစ်တယ်။ တကယ့် ကြီးကြီးမားမားတွေ ဖြစ်လာခဲ့ရင် အပိုပစ္စည်း အလုံအလောက်ရှိပါတယ်။ သုံးနှစ်၊ သုံးနှစ်ခွဲလောက် သုံးနိုင်မှာ ဖြစ်ပါတယ်။ နည်းပညာ အားဖြင့်လည်း သူတို့က ခြောက်လတစ်ကြိမ် လုပ်ပေးမှာ ဖြစ်တဲ့အတွက် အင်ပြည့်အားပြည့် သုံးနိုင်မှာ ဖြစ်ပါတယ်။ နောက်တစ်ခုက ဒီကားတွေနဲ့အတူ မီးသတ်သမားတွေ သုံးတဲ့ PPE ဟာ တကယ့် အရပ်သုံးအနေနဲ့ သုံးနေရတာပါ။ နိုင်ငံတကာ စနစ်နဲ့ဆိုရင် ခြေဆုံးခေါင်းဆုံး PPE တစ်ခုရဲ့ ကုန်ကျစရိတ်က တော်တော်လေးများတယ်။ PPE ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကယ်ဆယ်ရေး သွားတဲ့အခါ တပ်ဖွဲ့ဝင်တွေဟာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းမှာ ပိုပြီးလုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ ခေတ်မီမီးသတ်ယာဉ်များနှင့် နည်းပညာများကို ယခုလို ရရှိလိုက်သည့်အတွက် တပ်ဖွဲ့ဝင်များ၏ စွမ်းရည်နှင့် ယုံကြည်မှု တစ်ထပ်တည်းဖြစ်ကာ ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ယခင်ထက် များစွာသာလွန်အောင် ကာကွယ်စောင့်ရှောက်နိုင်ပြီး ကယ်ဆယ်မှုများ လုပ်ဆောင်နိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ။