မော်လိုက် ၂၁ ဧပြီ         

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ ကင်းတပ်ကျေးရွာနှင့် အနီးနားပတ်ဝန်းကျင် ကျေးရွာများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးနှင့် မီးလောင်မှုများ ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် မီးသတ်ဦးစီးဌာနမှ ကင်းတပ်ကျေးရွာသို့ ရေဂါလံ ၈၀ဝ ဆံ့ မီးသတ်ယာဉ်တစ်စီး လွှဲပြောင်းပေးအပ်ပွဲကို ယနေ့နံနက်က ကင်းတပ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်က မီးသတ်ယာဉ် လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် မော်လိုက်ခရိုင်မီးသတ်ဦးစီးမှူး ဦးနိုင်ဇံမှ ဂါလံ ၈၀ဝ ဆံ့ မီးငြိမ်းသတ်ယာဉ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်ခဲ့ရာ ကင်းတပ်ကျေးရွာ အုပ်ချုပ်ရေးမှူးက လက်ခံရယူခဲ့ပြီး ကျေးရွာပြည်သူများကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

ယင်းမီးသတ်ယာဉ် လွှဲပြောင်းပေးအပ်ပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဘိုသိန်း၊ ခရိုင်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးညီညီလွင်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးကျော်စိုး၊ ခရိုင်မီးသတ် ဦးစီးမှူး ဦးနိုင်ဇံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်များ ကင်းတပ်ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

 

မော်လိုက်သားလေး