ဘားအံ စက်တင်ဘာ ၄

 

ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ကရင်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိခင်နှင့်ကလေးစောင့်ရှောက်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဘားအံမြို့ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပသည်။

 

ချီးမြှင့်ပေးအပ်

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းကို သင်တန်းသား သင်တန်းသူ ၄၈၀ ဖြင့် သင်တန်းပေးသွားမည်ဖြစ်ပြီး သင်တန်းသား သင်တန်းသူများအနေဖြင့် သင်တန်းပြီးဆုံးသည့်အခါ မိမိတို့ကျေးရွာ၊ ရပ်ကွက်များတွင်ရှိကြသော အခြေခံကျန်းမာရေး ဝန်ထမ်းများ၏ မိခင်နှင့်ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများတွင် ပိုမိုထိရောက်စွာ ကူညီ ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားကာ သင်တန်းစုစုပေါင်း ၁၄ ကြိမ်အတွက် ငွေကျပ် ၁၄၆ သိန်းကို ချီးမြှင့်ပေးအပ်သည်။

 

ထို့နောက် သင်တန်းသား သင်တန်းသူများက ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ နာယကထံ အသင်းဝင် အဆိုပြုလွှာများကို ပေးအပ်ကြသည်။

 

ကရင်ပြည်နယ်အတွင်း မိခင်သေဆုံးမှုနှင့် ကလေးသေဆုံးမှု လျော့နည်း ကျဆင်းရေးအတွက် ရပ်ကွက်၊ ကျေးရွာများရှိ အလွှာအသီးသီးမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများကို ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် အခြေခံကျန်းမာရေးဝန်ထမ်းများ၏ အရန်အင်အားအဖြစ် ပူးပေါင်း ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ အရည်အသွေးပြည့်ဝသော မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ပြည်သူလူထုအကြား ကျန်းမာရေးအသိပညာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ ဖြန့်ဝေနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများ၏ အထူးနေ့လယ်စာစားပွဲသို့ တက်ရောက်၍ ပြည်နယ်ဝန်ကြီးချုပ်က ဆရာ ဆရာမလောင်းများအနေဖြင့် ပညာရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရင်း အနာဂတ်အတွက် မျိုးဆက်သစ်များ ပြုစုပျိုးထောင်ပေးကြစေလိုကာ မိမိကိုယ်ကိုလည်း အရည်အသွေး ပြည့်ဝသော ဆရာများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

 

အားပေးစကားများ ပြောကြား

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အထူးနေ့လယ်စာအတွက် ငွေကျပ် ၁၈ သိန်းကို ကျောင်းအုပ် ဆရာမကြီးနှင့် သင်တန်းသား သင်တန်းသူများထံ ပေးအပ်ပြီး ဘားအံပညာရေးဒီဂရီကောလိပ်ရှိ သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမများနှင့်အတူ အထူးနေ့လယ်စာကို အတူတကွ သုံးဆောင်ကာ ရင်းနှီးနွေးထွေးစွာ လိုက်လံတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)