ဟားခါး ၇ မေ
မိခင်ဝိုင်းများ၊ မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှ မွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ကြေး ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် ကျီခါးမြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားပြီး ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးမင်းညွှန့်က မိခင်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်များနှင့် ချင်းပြည်နယ်အတွင်း မသန်စွမ်းသူများ၊ ကိုယ်ဝန်ဆောင် မိခင်များနှင့် ၄င်းတို့မှမွေးဖွားသော အသက်(၂)နှစ်အောက် ကလေးငယ်များအား လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေး ပေးအပ်မှု အစီအစဉ်များနှင့် ပတ်သင်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများက မိခင်ဝိုင်း(၁)ဝိုင်းလျှင် ဝိုင်းခေါင်းဆောင်အတွက် ထောက်ပံ့ငွေ ၉၀ဝ၀ဝ ကျပ်နှင့် အသက်(၂)နှစ်အောက် ကလေးငယ် (၂၀)ဦးအတွက် ထောက်ပံ့ငွေ ၄၂၀ဝ၀ဝ ကျပ်နှုန်းဖြင့် မိခင်ဝိုင်း (၅)ဝိုင်းစာအတွက် ထောက်ပံ့ငွေကျပ် ၂၅၅၀ဝ၀ဝ နှင့် အသုံးအဆောင် ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၄င်းတို့မှမွေးဖွားသော အသက်(၂) နှစ်အောက် ကလေးငယ်များ ငွေကြေးထောက်ပံ့ခြင်း အပါအဝင် လူမှုကာကွယ်စောင့်ရှောက်ရေး ပြည့်ဝစွာ ရရှိနိုင်ရေးအတွက် ပြည်နယ် လူမှုရေးဝန်ကြီးဥက္ကဋ္ဌအဖြစ် ပါဝင်သော ပြည်နယ်အဆင့် ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းထားရှိပြီး ငွေကြေးအထောက်အပံ့ပေးရေး အစီအစဉ်(MCCT)ကို စနစ်တကျ ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသဖြင့် ပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များအတွက် လူမှုကာကွယ်စောင့်ရှောက်ရေး အကျိုးတရားများ ခံစားရလျက်ရှိကြောင်း သိရသည်။
မြင့်နိုင်စိုး(ထီးလှိုင်မြေ)


