မြိတ်  ၈   ဖေဖော်ဝါရီ 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ ကန်ဖျားနယ်မြေ၊ ကန်ဖျားရပ်ကြီးရပ်ကွက်၊ ဗိုလ်ဗထူးလမ်းသွယ်(၂)လမ်းရှိ နေအိမ်တစ်အိမ်တွင် ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီခွဲခန့်က အမည်မသိ လူသုံးဉီးမှ ဓါးထောက်ခြိမ်းခြောက်၍ ရွှေထည်ပစ္စည်းများနှင့် ငွေများ လုယူထွက်ပြေးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ကန်ဖျားနယ်မြေ၊ ကန်ဖျားရပ်ကြီးရပ်ကွက်၊ ဗိုလ်ဗထူးလမ်းသွယ်(၂)လမ်း၊ အိမ်အမှတ်(၁) နေ ဒေါ်တင်ကြူ (၅၀)နှစ်သည် ဖေဖော်ဝါရီ ၇ ရက် ည ၈ နာရီ ခွဲအချိန်ခန့်က နေအိမ်မှအပြင်သို့ သွားရောက်နေစဉ် နေအိမ်တွင် ၄င်း၏သမီးဖြစ်သူ အေးမိုးသူ(၃၀)နှစ်နှင့်အတူ (၃) နှစ်အရွယ်ကလေး တစ်ဉီးနှင့် (၈) လ အရွယ် ကလေးတစ်ဉီးတို့ နေအိမ်တွင် ရှိနေစဉ် အမည်မသိ အမျိုးသား (၃) ဉီးတို့က နေအိမ်၏ခြံတံခါးအား ကျော်ဝင်လာပြီး နေအိမ်အတွင်းရှိ (၈) လ အရွယ်ကလေးအား ပွေ့ချီ၍ ဓါးဖြင့်ထောက်ကာ မအေးမိုးသူအား အော်ဟစ်အကူအညီတောင်းလျှင် ကလေးအားသတ်ပစ်မည်ဟုခြိမ်းခြောက်ပြောဆိုပြီး နေအိမ်အောက်ထပ် ဘီရိုအတွင်းရှိ ပုလဲဆွဲကြိုး (၁)ကျပ်သား (၁)ကုံး၊ ပုလဲအားစိန်ခြံရံထားသည့် ဆွဲသီး (၁) ခု ၊ ကျောက်စိမ်းဆွဲသီး(၁)ခု၊ ကျောက်နီဆွဲသီး(၁)ခု၊ အခေါက်ရွှေ လက်ကောက် (၁)ကျပ်သား(၁)ကွင်း၊ အခေါက်ရွှေလက်ကောက်(၂)ကျပ်သား(၁)ကွင်း၊ ပတ္တမြားလော့ကတ်(၁) ခု၊ ပတ္တမြားလက်ကောက် (၁) ကွင်း၊ ပတ္တမြားလက်စွပ်(၁)ကွင်း၊ မဟူရာ ကြယ်သီး (၁)လုံးနှင့် ငွေကျပ်(၄) သိန်းတို့အား လုယူထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ အခင်းဖြစ်နေအိမ်သို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ မြိုနယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကိုကိုအောင်၊ မှုခင်းရဲတပ်ဖွဲ့(မြိတ်)မှဒုရဲမှူး အောင်ထိုက်၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ချိုလွင်နှင့် ရဲတပ်ဖွဲ့ဝင်များမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီးဖြစ်စဉ်နှင့် ပတ်သက်ပြီး ကျူးလွန်သူ အမည်မသိ အမျိုးသား(၃)ဉီးကို ဖမ်းဆီးရမိနိုင်ရေးအတွက် မြို့နယ်အတွင်း စုံစမ်းရှာဖွေနေကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)