မြိတ်  ၁၈  မတ်  


တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် တုံးဗျောကျေးရွာအုပ်စုတွင် မတ် ၁၈ ရက် ညနေ ၅ နာရီခန့်က အချိန်ခါမဟုတ် လေပြင်းတိုက်ခတ်ပြီး  မိုးသည်းရွာသွန်းမှုကြောင့် ကျေးရွာ(၆)ရွာတွင် လူနေအိမ် (၃၃) လုံးပြိုကျခဲ့ပြီး (၂၃)လုံး ပျက်စီးခဲ့ကြောင်း သိရသည်။

 

1


ပြိုကျခဲ့သည့် နေအိမ်(၃၃)လုံးမှာ လသာကျေးရွာတွင်(၄)လုံး၊ ကင်းတပ်ကျေးရွာတွင်(၈)လုံး၊ ဘုရား ကုန်းကျေးရွာတွင်(၁၂)လုံး၊ မွေ့ရှောင်ကျေးရွာတွင်(၅)လုံး၊ ချောင်းဝပြင်ကျေးရွာတွင်(၄)လုံး ပြိုကျခဲ့ပြီး ပျက်စီးခဲ့သည့် အိမ်(၂၃)လုံးနှင့် စာသင်ကျောင်းမှာ လသာကျေးရွာတွင် (၅)လုံး၊ တုံးဗျောကြီးကျေးရွာတွင် (၄)လုံးနှင့်  အမကစာသင်ကျောင်း (၁)ကျောင်း၊ ဘုရားကုန်းကျေးရွာတွင် (၃)လုံး၊ ကင်းတပ်ကျေးရွာတွင် (၅)လုံးနှင့် ကြက်ခြံ (၁)ခြံ၊ မွေ့ရှောင်ကျေးရွာတွင် (၆)လုံးပျက်စီးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးထံမှ သိရသည်။

 

1


လေဘေးသင့်ပြည်သူများမှာ လက်ရှိအခြေအနေတွင် နီးစပ်ရာဆွေမျိုးများထံတွင် တည်းခိုနေထိုင် လျက်ရှိကြကြောင်း။ လေပြင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပြိုကျပျက်စီးရာတွင် ထိခိုက်ဒဏ်ရာရ သေဆုံးမှုများမရှိကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မြတ်သူက ပြောသည်။


လေပြင်းတိုက်မှုကြောင့် နေအိမ်များနှင့် စာသင်ကျောင်း (၁)ကျောင်းပျက်စီးခဲ့သည့် တုံးဗျောကျေးရွာသို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြပြီး လေဘေးသင့်ပြည်သူများ လတ်တလောစားသုံးရန်အတွက် မြိတ်ခရိုင် ရဲတပ်ဖွဲ့မှူးက ဆန်( ၅)အိတ် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။


ခိုင်ထူး ( မြိတ်ပြန်/ဆက် )

 

1