မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စတင်ဆောင်ရွက်

မြိတ် ဧပြီ ၇

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ်တွင် ကျေးလက်နေပြည်သူများ စာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ရပ်ကွက်/ကျေးရွာ (၁၀)နေရာတွင် စာသင်ဝိုင်းများဖြင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကြသည်။

 

အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံးအောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများ၊ လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူ ကျေးလက်ဒေသနေ ပြည်သူများနှင့် အစွန်အဖျား‌ဒေသရှိ ပြည်သူများအားလုံး စာတတ်မြောက်ရေး၊ တိုင်းရင်းသားပြည်သူများ နိုင်ငံသားများ၏ လူမှုဘဝမြင့်မားရေးအတွက် အခြေခံစာတတ်မြောက်ရန်နှင့် တာဝန်သိ နိုင်ငံသားကောင်းဆိုင်ရာ အခြေခံအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ရန် ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

 

အခြေခံစာတတ်မြောက်ရေးအစီအစဉ်သည် အသက်(၁၅)နှစ်နှင့်အထက် လူငယ်နှင့် သက်ကြီးပိုင်းအရွယ် စာမတတ်သူများအား အရေး၊ အဖတ်၊ အတွက် ပညာသင်ကြားခြင်းနှင့်အတူ စာသင်သားတစ်ဦးချင်းစီ၏ လူမှုဘဝမြင့်မားရေးအတွက် အသိပညာများဖြန့်ဝေပေးသည့် အစီအစဉ်ဖြစ်ကြောင်း၊ အခြေခံစာတတ်မြောက်ရေး လုပ်ငန်းများကို ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ ရက်ပေါင်း(၄၀)ကြာ တစ်ရက်ပျှမ်းမျှ (၃)နာရီ သင်ကြားပေးသွားမည်ဖြစ်သည်။

 

မြိတ်မြို့နယ်၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအဖြစ် စာသင်ဝိုင်း (၁၀)ဝိုင်းတွင် စာသင်သား ၁၀၀ အား “ဝထကလသ” မှစတင်ကာ အခြေခံ မြန်မာစာသင်ခန်းစာများကို နည်းပြ(၁၆)ဦးနှင့် ကြီးကြပ်(၃)ဦးတို့မှ စတင်သင်ကြားပေးခဲ့ကြသည်။ ရပ်ကွက်/ကျေးရွာများရှိ စာသင်ဝိုင်းများတွင် သင်ကြားသင်ယူမှုများ ဆောင်ရွက်နေမှုအား မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်း၊ ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (ပြန်/ဆက်)