မြိတ်  ၃ ဧပြီ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ရှေးဟောင်းမြို့ဖြစ်သော တနင်္သာရီမြို့နှင့် ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင်ရှိ ရှေးဟောင်းမြို့ (ဒွါရသတီ) ဥူထောင်မြို့တို့အကြား ချစ်ကြည်ရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းမြှင့်တင်နိုင်ရေး ရည်ရွယ်၍ ယနေ့ နံနက် ၉ နာရီက မြိတ်မြို့ GRAND JADE ဟိုတယ် အစည်းအဝေးခန်းမတွင် ထိုင်း-မြန်မာ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

 

aa

 

ရှေးဟောင်းမြို့နှစ်မြို့ ချစ်ကြည်ရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းမြှင့်တင်ရန်အတွက် မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း၊ ဧည့်လမ်းညွှန်များအသင်းနှင့် တနင်္သာရီစာပေယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့တို့နှင့် ထိုင်းနိုင်ငံ စုဖန်ဘူရီခရိုင် ခရီးသွားလုပ်ငန်းကောင်စီ ဦးဆောင်သော အဖွဲ့များမှ တွေ့ဆုံဆွေးနွေးကြပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှု လက်မှတ်ရေးထိုးကြကာ ဆွေးနွေးပွဲကို မြိတ်ခရိုင်မှ(၃၃)ဦးနှင့် စုဖန်ဘူရီခရိုင်မှ (၂၃)ဦး တက်ရောက်ခဲ့ကြသည်။

 

မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းနဲ့ တနင်္သာရီစာပေယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့ ပူးပေါင်းပြီး အသင်းအဖွဲ့တွေအနေနဲ့ အစိုးရကိုတင်ပြ၍ မြို့ဟောင်းဖော်ထုတ်ပြီး သူတို့နဲ့ ချိတ်ဆက် ဆောင်ရွက်သွားဖို့ရှိပါတယ်။ မြိတ်မှာက ကျွန်းအခြေပြုခရီးသွားလုပ်ငန်းကို လုပ်ဆောင်နေတာဖြစ်ပါတယ်။ နောက်ပိုင်းကျရင် မောတောင်နယ်စပ်ဂိတ် ဖွင့်ဖို့လဲမျှော်လင့်ပါတယ်။ နယ်စပ်ဂိတ်ဖွင့်သွားရင် ယဉ်ကျေးမှုလုပ်ငန်းတွေကို ပိုမိုဆောင်ရွက်နိုင်မယ်လို့ထင်ပါတယ်ဟု မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးသိန်းဆွေမြင့်က ပြောသည်။

 

လမ်းပန်းဆက်သွယ်မှု အခြေအနေအရ တနင်္သာရီမှာ ပြင်ဆင်ထားမှုနှင့် ခရီးသွားလုပ်ငန်းကို ဆွဲဆောင်နိုင်မှု သိပ်မရှိသေးသည့်အတွက် လောလောဆယ်အခြေအနေမှာ နည်းပါးနေသေးကြောင်း၊ လမ်းများကောင်းမွန်လာသဖြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ခရီးသွားလုပ်ငန်း အများကြီးတိုးတက်လာနိုင်ကြောင်း၊ တနင်္သာရီတွင် မြို့ရိုးများ၊ ကျုံးများ၊ လူနေမှုဘဝများ၊ နဂါးလှေယဉ်ကျေးမှုများရှိကြောင်း တနင်္သာရီ စာပေယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းမြှင့်တင်ရေးအဖွဲ့မှ သိရသည်။

 

တနင်္သာရီကို ရောက်ခဲ့တုန်းက ရှေးခေတ်ပစ္စည်းတွေတင် မဟုတ်ပဲနဲ့ သမိုင်းမတင်ခင်ခေတ်က ကျောက်ခေတ်ပစ္စည်းတွေကိုလည်း တွေ့ရှိရပါတယ်။ အဲဒါက ဒွါရဝတီခေတ်က ဥူထောင်မြို့နဲ့ သွားတူညီနေပါတယ်။ ဒါကြောင့် ဒီမြို့နှစ်မြို့က တချိန်တုန်းက ဆက်စပ်မှုတွေရှိခဲ့တယ်လို့ ယူဆလို့ရပါတယ်ဟု စုဖန်ဘူရီခရိုင် ခရီးသွားလုပ်ငန်းကော်စီ ဥက္ကဋ္ဌ Dr.ANUSAK KONGMALAI က ပြောသည်။

 

ee

 

ရှေးဟောင်းမြို့ဖြစ်သော တနင်္သာရီနှင့် (ဒွါရဝတီ) ဥူထောင်မြို့တို့အကြား ချစ်ကြည်ရေးနှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း မြှင့်တင်နိုင်ရန်အတွက် နှစ်နိုင်ငံရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး ပူးပေါင်းဆောင်ရွက်ရန် သဘောတူလက်မှတ်ထိုးခဲ့ကြကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)