မြိတ် ၅ ဧပြီ
၂၀၁၉ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် သင်္ကြန်ချစ်သူပြည်သူများ ရေကစားမဏ္ဍပ်များဖြင့် အေးချမ်းပျော်ရွင်စွာ ရေကစားနိုင်ရေးအတွက် ရေကစားမဏ္ဍပ်များ တည်ဆောက်နေမှုများကို သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ညီညွှတ်မှုရှိမရှိကို ယနေ့ နံနက် ၉ နာရီက မြိတ်မြို့နယ် ရေကစားမဏ္ဍပ်များ စိစစ်ကြီးကြပ်ရေးကော်မတီမှ စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့တွင် ယခုလက်ရှိအချိန်ထိ ပေ(၃၀)အထက် ရေကစားမဏ္ဍပ်(၁၂)ခု တည်ဆောက်လျက်ရှိပြီး ရေကစား မဏ္ဍပ်များတွင် ရေကစားကြမည့် ပြည်သူများ အန္တရာယ်မဖြစ် စေရေးအတွက် မဏ္ဍပ်ကြံ့ခိုင်မှုရှိရေး၊ မူးယစ်ဆေးဝါးရောင်းချသုံးစွဲမှုမရှိစေရေး၊ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ မီးဘေးကြိုတင် ကာကွယ်နိုင်ရေး၊ အရေးပေါ်မိုင်းအန္တရာယ်ကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ ပြည်သူများလုံခြုံရေးအတွက် CCTV တပ်ဆင်ဆောင်ရွက်ရေး စသည့် သတ်မှတ်ချက်များ ညီညွှတ်မှုရှိမရှိကို စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြိတ်မြို့နယ် ရေကစားမဏ္ဍပ်များ စိစစ်ကြီးကြပ်ရေးကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက စိစစ်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ်ပြန်/ဆက်)


