မြိတ် ၅ ဧပြီ
မြန်မာ့ယဉ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည့် သင်္ကြန်ပွဲတော်သည် မကြာမီ ကျရောက်လာတော့မည်ဖြစ်ရာ သင်္ကြန်အကြိုကာလတွင် မှုခင်းများကျဆင်းရေးအတွက် မြိတ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများအရောက် မှုခင်းများကျဆင်းရေး အသိပညာပေးဆောင်ရွက်လျက်ရှိပြီး ညစဉ် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား ပူးပေါင်းအဖွဲ့ဖြင့် ရှောင်တခင် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“သင်္ကြန်အကြိုကာလနှင့် သင်္ကြန်ပွဲတော်ကာလတို့တွင် မှုခင်းများဖြစ်ပွားမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ပြည်သူများသင်္ကြန်ပွဲတော်ကို အေးချမ်းပျော်ရွင်စွာ ဆင်နွှဲနိုင်စေရေးနှင့် မလိုလားအပ်သော ပြဿနာများ မဖြစ်ပေါ်စေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆောင်ရွက်ခြင်း၊ ပူးပေါင်းအဖွဲ့ဖြင့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များဖြင့် လှည့်ကင်းများဆောင်ရွက်ခြင်း၊ ရှောင်တခင် စစ်ဆေးခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အေးမင်း ထံမှ သိရသည်။
ပူးပေါင်းအဖွဲ့ဖြင့် သတ်မှတ်လမ်းကြောင်းအတိုင်း သတ်မှတ်နေရများတွင် ရှောင်တခင်စစ်ဆေးဆောင် ရွက်ခဲ့ကြပြီး လမ်းဆုံများနှင့် သတ်မှတ်နေရာများတွင် မော်တော်ဆိုင်ကယ်နှင့် မော်တော်ယာဉ်များအား မူးယစ်ဆေးဝါးများ၊ တားမြစ်ပစ္စည်းများ၊ တုတ်၊ ဓား၊ လက်နက်များပါရှိမှု ရှိမရှိ၊ ဆိုင်ကယ် ပါဝါအိတ်ဇောနှင့် ဆူညံအိပ်ဇောများတပ်ဆင် စီးနင်းမှုရှိ၊ မရှိ ရှောင်တခင်စစ်ဆေးခဲ့ခြင်းကို မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်မျိုးမြင့် ဦးဆောင်၍ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် ပူးပေါင်း၍ သတ်မှတ်နေရာ လမ်းဆုံလမ်းခွများ လူစည်ကားရာနေရာများတွင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


