မြိတ် ၇ မေ  

မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ရေးဆွဲရေး ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြိတ်မြို့ ပုလဲရတနာခန်းမတွင် မေ ၇ ရက် နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

 

7754

 

“မြန်မာနိုင်ငံ အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို (၂၀၁၈)ခုနှစ်တွင် ပြဋ္ဌာန်းခဲ့တယ်။ မဟာဗျူဟာ မူဘောင် နေပြည်တော်အဆင့်မှာ ပြဋ္ဌာန်းဖို့ နောက်ဆုံးအဆင့် ရောက်နေပါပြီ။ မဟာဗျူဟာ မူဘောင်အကောင် အထည်ဖော်ဖို့ တိုင်းဒေသကြီးအဆင့် ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ် ရေးဆွဲဖို့ရာအတွက် ဗဟုသုတဖြန့်ဖြူးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရခြင်းဖြစ်ပါတယ်၊ အလုပ်ရုံဆွေးနွေးပွဲတွင် မဟာဗျူဟာ မူဘောင်မှာပါတဲ့ ဦးစားပေးနယ်ပယ်(၇)ခုနဲ့ သက်ဆိုင်တဲ့ ဦးစီးဌာနတွေ၊ လုပ်ငန်းတွေ၊ အဖွဲ့တွေရဲ့ မူဝါဒတွေ လုပ်ငန်းတာဝန်တွေကို ဗဟုသုတအနေနဲ့ ချပြရှင်းလင်းဆွေးနွေးတဲ့ အလုပ်ရုံဆွေးနွေးပွဲ ဖြစ်ပါတယ်” ဟု တနင်္သာရီတိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးခိုင်ထွန်းက ပြောသည်။

 

7756

 

အလုပ်ရုံဆွေးနွေးပွဲတွင် ဇီဝမျိုးစုံမျိုးကွဲများ၊ မြေယာအသုံးချမှုနှင့် မြေနေရာ သတ်မှတ်ခြင်းဆိုင်ရာကဏ္ဍ၊ အဏ္ဏဝါနှင့် ကမ်းရိုးတန်းဂေဟစနစ်၊ ရေအရင်းအမြစ်နှင့် မြစ်ဝှမ်းဒေသများ သန့်ရှင်းကောင်းမွန်စွာ လည်ပတ်ရေး၊ စွမ်းအင်ကဏ္ဍ၊ စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲရေး၊ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များ စသည့် အကြောင်းအရာများကို ကဏ္ဍအလိုက် ဌာနဆိုင်ရာများက တက်ရောက်လာကြသူများနှင့် ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

 

7777

 

“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းဖို့နေရာမှာ အမျိုးသားပတ်ဝန်းကျင် မူဝါဒချမှတ်တဲ့နေရာမှာ ဒေသခံတွေရဲ့အသံ ပိုပါဖို့လိုပါတယ်။ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေးပါဖို့ လိုမယ်လို့ထင်တယ်။ အခုက သူတို့ လုပ်ငန်းကိုချပြတယ်။ ဒုတိယနေ့မှာ လူထုဆန္ဒခံယူမယ်။ အုပ်စုဖွဲ့ပြီး ထင်မြင်ချက်နဲ့ မူဘောင်တွေချဖို့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အသံတွေပါလာနိုင်တယ်လို့ မျှော်လင့်ပါတယ်” ဟု တနင်္သာရီမြို့နယ်မှ ဦးစောအဲဖရက်က ပြောသည်။

 

7779

 

ပတ်ဝန်းကျင်စီမံအုပ်ချုပ်မှုဆိုင်ရာ ပင်မလုပ်ငန်းအစီအစဉ်ကို (၅)နှစ်ကာလ ရေးဆွဲမည်ဖြစ်ကာ တိုင်းဒေသကြီးအဆင့်ဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲကို တနင်္သာရီတိုင်းဒေသကြီးနှင့် မြိတ်ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တက်ရောက်ဆွေးနွေးလျက်ရှိပြီး မေ ၇ ရက်မှ ၈ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။

ခိုင်ထူး (မြိတ် ပြန်/ဆက်)