မိတ္ထီလာ ၁၉  မတ် 


မိတ္ထီလာမြို့နယ် အလည်ရွာကျေးရွာအုပ်စု၊ ကုန်းသာကျေးရွာရှိ ဒေသခံများလုပ်ကိုင်သည့် အိုးလုပ်ငန်းမှ သင်္ကြန်အကြိုအိုးများကို တောင်ပေါ်ဒေသများအထိ တင်ပို့ရောင်းချရလျက်ရှိကြောင်း ဒေသခံအိုးလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။


“ကုန်းသာကျေးရွာက သီးနှံစိုက်ပျိုးရာသီ မဟုတ်ရင် အိုးလုပ်ငန်းကို    လုပ်ကိုင်ကြတယ်။ အခု သင်္ကြန်အခါ နီးလာတော့ သင်္ကြန်အကြိုအိုးတွေ အများဆုံးဖုတ်ရပြီးတော့ တောင်ပေါ်ဒေသတွေအထိ တင်ပို့ ရောင်းချရတယ်။  ကုန်းသာကျေးရွာ ဒေသခံတွေကတော့ အိုးဖုတ်တဲ့ လုပ်ငန်းပဲ လုပ်ကိုင်ပြီး  ပွဲစားတွေက လာရောက်ဝယ်ယူတယ်။ ပွဲစားက တောင်ပေါ်ဒေသကို တစ်ဆင့်ပြန်လည် တင်ပို့ရောင်းချတာပါ။ ကလော၊ အောင်ပန်း၊  တောင်ကြီး၊ ရွာငံ၊ ပင်းတယ ဒေသတွေဘက်ကို တင်ပို့ရောင်းချပါတယ်။ သင်္ကြန်အကြိုအိုး တစ်လုံးကိုဒေသခံ အိုးလုပ်ငန်းလုပ်ကိုင်သူတွေက ၁၅၀ ကျပ်နှုန်းနဲ့ ကျေးရွာအရောက် လာရောက်ဝယ်ယူတဲ့ ပွဲစားတွေဆီ ရောင်းချရပါတယ်။ အိုးဖုတ်တဲ့ အရေအတွက်ကလည်း ပွဲစားမှာတဲ့အပေါ် မူတည်ပြီး တစ်ခါဖုတ်ရင် အလုံးတစ်ထောင်၊ တစ်ထောင့်ငါးရာလောက် ဖုတ်ရပါတယ်”ဟု  ကုန်းသာကျေးရွာမှ   အိုးလုပ်ငန်း လုပ်ကိုင်သူအမျိုးသမီးတစ်ဦးက ပြောသည်။ 


ကုန်းသာကျေးရွာတွင် အိုးလုပ်ငန်းလုပ်ကိုင်သူများမှာ မိုးရာသီ သီးနှံစိုက်ပျိုးသည့်ကာလ မရောက်မမီ မိသားစုဝင်ငွေရ အိမ်တွင်းလက်မှုလုပ်ငန်းအဖြစ် အိုးလုပ်ငန်းကို မိရိုးဖလာလုပ်ငန်းသဖွယ် အစဉ်အဆက် လုပ်ကိုင်လာခဲ့ကြပြီး သင်္ကြန်အကြိုအိုးအပြင် သောက်ရေအိုး ၊ ဘုရားပန်းအိုး ၊ ပန်းအလှစိုက်အိုး စသည့် အိုးအမျိုးမျိုးကို လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရသည်။ 


ချမ်းသာ ( မိတ္ထီလာ )