မိတ္ထီလာ စက်တင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ပထမအကြိမ် မဲစာရင်းများကို စက်တင်ဘာ ၃၀ ရက်မှစတင်၍ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးများတွင် ကပ်ထားကြေညာထားရာ မဲပေးနိုင်သူ ၆၃၇၇၀၈ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေး ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေညာခြင်းကို မိတ္ထီလာခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်တို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ကော်မရှင်ရုံးအသီးသီးတွင် ကပ်ထားကြေညာလျက်ရှိသည်။
ထိုသို့ မဲစာရင်းများ ပထမအကြိမ်ကြေညာရာတွင် မိတ္ထီလာမြို့နယ်၌ မဲပေးနိုင်သူ ၂၁၉၉၅၉ ဦး၊ မလှိုင်မြို့နယ်၌ မဲပေးနိုင်သူ ၁၀၆၄၆၁ ဦး၊ သာစည်မြို့နယ်၌ မဲပေးနိုင်သူ ၁၅၂၄၃၁ ဦး၊ ဝမ်းတွင်းမြို့နယ်၌ မဲပေးနိုင်သူ ၁၅၈၈၅၇ ဦးရှိရာ မိတ္ထီလာခရိုင်၌ ပထမအကြိမ်မဲစာရင်းတွင် မဲပေးနိုင်သူ ၆၃၇၇၀၈ ဦးရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


