မိတ္ထီလာကန်အတွင်း ငှက်မျိုးစုံကျရောက်ကျက်စား

မိတ္ထီလာ၊  ဧပြီ ၁

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ မိတ္ထီလာကန်၌ ဒေသရင်းနေရပ်သို့ မပြန်ကြသေးသည့် ဆောင်းခိုငှက်များနှင့်  အခြားငှက်မျိုးစုံ ကျရောက်ကျက်စားလျက်ရှိသည်။

 

ကန်ရေကျသည့်နှစ်

 

မိတ္ထီလာကန်မှာ မိုးရွာသွန်းမှု အနေအထားကြောင့် ကန်ရေကျတာ၊ ရေနည်းတာမျိုးက သုံးနှစ်တစ်ကြိမ် လေးနှစ်တစ်ကြိမ်လောက် ဖြစ်ပါတယ်။ အဲဒီ နှစ်မျိုးဆို ငှက်မျိုးစုံကန်အတွင်းမှာ ကျက်စားလေ့ရှိပါတယ်။ ဒီနှစ်ကလည်း ကန်ရေကျတဲ့ နှစ်ဖြစ်တဲ့အတွက် ကန်ထဲမှာ လက်ကျန်ဆောင်းခိုငှက်တွေနဲ့ တခြားငှက်မျိုးစုံကို တွေ့မြင်နိုင်တာ ဖြစ်ပါတယ်ဟု ဒေသခံ ငှက်ကြည့်ဝါသနာရှင် ကိုသိန်းထွန်းက ပြောသည်။

“ခါတိုင်းနှစ်တွေနဲ့ မတူတာကတော့ နှစ်စဉ်အကောင်ရေ အနည်းငယ်သာ တွေ့မြင်ရတဲ့ ဒေါင်းလန်းခြေထောက်ငှက်တွေကို အကောင်အရေအများအပြား တွေ့မြင်ရပါတယ်။ ခါတိုင်းနှစ်တွေမှာ ဒေါင်းလန်းခြေထောက် ငှက်ကောင်ရေ ၁၀ ကောင် ကနေ ၁၅ ကောင်လောက်ပဲ တွေ့မြင်ရတာ ဖြစ်ပေမယ့် ဒီနှစ်  မိတ္ထီလာကန်ထဲမှာ ဒေါင်းလန်းခြေထောက် ကောင် ရေ ၅၀ ကျော်၊ ၆၀ ဝန်းကျင် လောက် တွေ့မြင်ရပါတယ်” ဟု ပြောသည်။

 

ငှက်မျိုးစုံတွေ့မြင်နိုင်

 

မိတ္ထီလာကန်အတွင်း ဒေသငှက်များဖြစ်သည့် ဗျိုင်း၊ မယ်ညို၊ စစ်စလီငှက်များနှင့်အတူ ဒေါင်းလန်းခြေထောက်၊ ခရုစုပ်၊ ခရုတုတ်၊ တစ်တီတူးခေါင်းမွဲ စသည့် ငှက်မျိုးစုံကို နန်းတော်ကုန်းရပ်ကွက်၊ ဝန်ဇင်းရပ်ကွက်၊ ကုလားမကျွန်းကျေးရွာ၊ အုတ်နှဲ ဘုတ်ကျေးရွာနှင့် အင်းပက်လက် ကျေးရွာတို့နှင့် နီးစပ်သည့် ကန်ရေတိမ်ရေစပ် နေရာများ၌ တွေ့မြင်နိုင်ကြောင်း သိရသည်။     

ချမ်းသာ(မိတ္ထီလာ)