မိတ္ထီလာမြို့ ပေါက်ချောင်းပျံကျဈေး မိုးလုံကွန်ကရစ်ခင်း ဈေးဆိုင်ခန်းနေရာများအား ပြန်လည်နေရာချပေးနိုင်ရေး မဲစနစ်ဖြင့် ဆိုင်ခန်းနေရာများ ချထားပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စည်ပင်သာယာရေးဌာနမှ ပေါက်ချောင်းပျံကျဈေး မိုးလုံကွန်ကရစ်ခင်း ဈေးဆိုင်ခန်းနေရာများအား  ပြန်လည်နေရာချပေးနိုင်ရေး မဲစနစ်ဖြင့် ဆိုင်ခန်းနေရာများ ချထားပေးခြင်းကို ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းက ကန်တော်မင်္ဂလာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့နယ် ပေါက်ချောင်းပျံကျဈေးအား အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်ပြီးစီး၍ ဈေးသည်များအား ပြန်လည်နေရာ ချထားနိုင်ရေးအတွက် ပျံကျဈေးအတွင်း ရောင်းချလျှက်ရှိသည့် ကုန်ခြောက်ရောင်းချသူ ၆၃ ဦး၊ ကုန်စိမ်းရောင်းချသူ ၈၀၊ ပန်းသည် ၂၁ ဦး၊ စားသောက်ကုန် ရောင်းချသူ ၄၄ ဦး၊ စားသောက်ဆိုင် ဖွင့်လှစ်ရောင်းချသူ ၁၈ ဦး၊ အထည်/ ဖိနပ်ရောင်းချသူ ၁၄ ဦးနှင့် အသားငါးရောင်းချသူ ၆၆ ဦး စုစုပေါင်း ၃၀၆ ဦး တို့အား ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံခဲ့သည်။

ထို့နောက် မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်နီလာဝင်း၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင် အရာရှိ ဦးခင်မောင်တင်တို့က ပေါက်ချောင်းပျံကျဈေးထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး  မြို့နယ် စည်ပင်သာယာရေး ကော်မတီဝင် ဦးအောင်ကြိုင်က ဈေးခင်းခြင်း ရောင်းချရမည့် ပုံစံများကို ရှင်းလင်း ပြောကြားခဲ့သည်။ 

ဆက်လက်ပြီး ပေါက်ချောင်းပျံကျဈေးအတွင်း ရောင်းချလျက်ရှိသည့် ဈေးသည်များအား အုပ်စုအလိုက်ခွဲ၍ မဲစနစ်ဖြင့် ဆိုင်ခန်းနေရာများအား ရွေးချယ်ခဲ့ပြီး ဒီဇင်ဘာလ ၂၀ ရက်တွင် ဆိုင်ခန်းနေရာများ အပြီးပြန်လည် ရွှေ့ပြောင်းရောင်းချသွားရမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပေါက်ချောင်းပျံကျဈေး၌ ဈေးသည် ၃၀၆ ဦးမှ ရောင်းချလျှက်ရှိသည့် အသားငါးဆိုင်များ ၊ ကုန်စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များမှာ ရောထွေလျက်ရှိခြင်းကြောင့် ဈေးသည်များနှင့် ဈေးဝယ်ပြည်သူများ   သွားလာဝယ်ယူ ရောင်းချရာတွင် အဆင်မပြေမှုများရှိ၍  ၎င်းဈေးသည်များ ရောင်းချလျက်ရှိသည့် ဆိုင်နေရာများ စနစ်တကျဖြစ်အောင် နေရာချထားပေးနိုင်ရန်နှင့် မိုးလုံကွန်ကရစ်ခင်း ပျံကျဈေးဆိုင်ခန်းများ ဖြစ်စေရန်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် ဖြည့်စွက် ရန်ပုံငွေဖြင့် မြို့နယ်စည်ပင်သာယာရေးမှ တာဝန်ယူ၍ မိုးလုံကွန်ကရစ်ခင်း ပျံကျဈေးဆိုင်ခန်းများ တည်ဆောက်ခြင်းနှင့်အတူ ဈေးသည်များ၊ ဈေးဝယ်များ သွားလာရ အဆင်ပြေစေရေး ပလက်ဖောင်းခင်းခြင်း လုပ်ငန်း၊ ဈေးပတ်လည်၌ ရေဆိုးရေညစ်များ ထွက်ရှိနိုင်စေရေး ရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းများကို ဧပြီလ ၂၅ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝင် ဦးအောင်ကြိုင်က ပြောသည်။

ယခုအခါတွင် ပျံကျဈေး အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ပြီးစီး၍ ဆိုင်ခန်းနေရာများအား အသားငါးဆိုင်များ၊ ကုန်စိမ်းဆိုင်များ၊ ကုန်ခြောက်ဆိုင်များနှင့် စားသောက်ဆိုင်များကို အုပ်စုအလိုက် မဲစနစ်ဖြင့် နေရာများ ပြန်လည်ချပေးခြင်းဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)