မိတ္ထီလာ စက်တင်ဘာ ၁၁

မိတ္ထီလာမြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန၏ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပသည်။

ရှင်းလင်းပြောကြား

ဦးစွာ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီး ခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးမျိုးမင်းဇော်က ပြိုင်ပွဲစည်းကမ်း ချက်များကို ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ ပြိုင်ပွဲကို ကျင်းပရာ မိတ္ထီလာမြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်တို့မှ အထက်တန်း အဆင့်နှင့် အလယ်တန်းအဆင့် ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ၂၁ ဦးက ပါဝင်ယှဉ်ပြိုင်ကြသည်။ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား ကျောင်းသူများအား စက်တင်ဘာ ၁၆ ရက်တွင် အထက(၁) ၌ ကျင်းပမည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)