မိတ္ထီလာ  ၂၅  မတ်


မိတ္ထီလာမြို့နယ် ညောင်ကုန်းကျေးရွာ၌ နှစ်စဉ်ကျင်းပမြဲဖြစ်သည့် အကြိမ် (၆၀)မြောက် ဆုတောင်းချမ်းသာ ရွှေဘုံသာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ်အဖြစ် မြင်းဒုန်းစီးပြိုင်ပွဲကို မတ် ၂၄ ညနေပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပကြောင်း သိရသည်။


“မြင်းဒုန်းစီးပြိုင်ပွဲကို နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင် မြင်း ၁၀ ကောင်နဲ့ ပြိုင်မြင်းစီးသူ (ဂျော်ကီ) ၁၀ ဦး ပါဝင်ယှဉ်ပြိုင်ပြီး ဆုကြေးကို ပထမဆု နှစ်သိန်း၊ ဒုတိယဆု တစ်သိန်း၊ တတိယဆု ငါးသောင်းကျပ် သတ်မှတ်ချီးမြှင့်ပေးပါတယ်။ မြင်းပြိုင်ပွဲကို နှစ်စဉ် ညောင်ကုန်း၊ ကူတော်၊ ကန်နီ၊ တည်ပင်ကုန်း၊ မြင်းရွာ၊ ဥသျှစ်ကုန်း၊ မြိုင်သာ၊ မကျီးချို၊ သီတက္ကန်၊ အင်ကြင်းကုန်း၊ တုံးအိုင်၊ အလည်ရွာ၊ သဖန်းပင်ရိုး စတဲ့ကျေးရွာများမှ ဒေသခံတွေ လာရောက်ကြည့်ရှု အားပေးမြဲဖြစ်ပြီး ဒီနှစ်လည်း စည်ကားသိုက်မြိုက်စွာ လာရောက် အားပေးကြပါတယ်” ဟု ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရေးကော်မတီ အတွင်းရေးမှူး ဦးသိန်းနိုင်ဦး က ပြောသည်။ 


ညောင်ကုန်းကျေးရွာတွင် ရှေးယခင် နှစ်ပေါင်းများစွာကပင် မြင်းမွေးမြူခြင်း၊ မြင်းပြိုင်ပွဲ ကျင်းပခြင်းများကို ကျင်းပပြုလုပ်ခဲ့ပြီး မိတ္ထီလာ ဒေသတစ်ဝိုက်ရှိ မြင်းစီးအားကစား ဝါသနာရှင်များနှင့် မြင်းစီးအားကစားသမားများ နှစ်စဉ်လာရောက် ပါဝင်ယှဉ်ပြိုင်လေ့ရှိကြောင်း သိရသည်။


ချမ်းသာ (မိတ္ထီလာ)