မိတ္ထီလာမြို့နယ်၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေ

မိတ္ထီလာ မတ် ၁၁

 

မိတ္ထီလာမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် ဆည်၊ ကန်၊ တမံများမှ စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

 

မိတ္ထိလာမြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒေသခံတောင်သူများ နွေစပါးနှင့် အခြားသီးနှံများ အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေဖူလုံစေရေးတို့အတွက် ဦးစီးဌာန၏ ထိန်းသိမ်းမှုအောက်ရှိ အစိုးရထိန်း ဆည်၊ ကန်၊ တမံများမှ လယ်ယာမြေစိုက်ခင်းများအရောက် စနစ်တကျ ဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိသည်။ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်၊ ချောင်းကောက်ဆည်၊ ညောင်ကုန်းတမံနှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် နွေစပါးစိုက်ဧက ၃၀၀ နှင့် အခြားသီးနှံ စိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ရာ ၎င်းဆည်ကန်တမံများဖြင့် နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရန် စိုက်ပျိုးရေကို ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ လွှတ်ပေးလျက်ရှိသည်။

 

အဆိုပါ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးရာတွင် မိတ္ထီလာကန်၊ မုန်တိုင်ဆည်နှင့် ရှမ်းမငယ်ဆည်ရေတို့ဖြင့် ထမုန်ကန်၊ သီးကုန်း၊ မုန်တိုင်၊ ရှမ်းမငယ်ကျေးရွာအုပ်စု လေးအုပ်စုရှိ ကျေးရွာ ရှစ်ရွာမှ တောင်သူ ၁၉၀ တို့က ကွင်း ခြောက်ကွင်းဖြင့် စိုက်ဧက ၃၀၀ စိုက်ပျိုးသွားမည်ဖြစ်ပြီး အခြားသီးနှံကို  ချောင်းကောက်ဆည်နှင့် ညောင်ကုန်းတမံတို့ဖြင့် မြာကျေးရွာအုပ်စု၊ ခင်တဲကျေးရွာအုပ်စုတို့ရှိ ကျေးရွာ ခုနစ်ရွာမှ တောင်သူ ၁၁၇ ဦးက ကွင်းလေးကွင်းဖြင့် စိုက်ဧက ၁၇၀ တို့ကို စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)