မိတ္ထီလာ  ၂၆  မတ် 


မိတ္ထီလာတွင် မဟာသင်္ကြန်အကြိုနေ့ ၌ ကမ်းလက်များ ပရဟိတမိသားစု အဖွဲ့က ဦးဆောင်ကျင်းပသည့် ဒုတိယအကြိမ် သနပ်ခါးလိမ်းပွဲတော်ကို ကျင်းပမည်ဖြစ်ကြောင်း အဆိုပါ ပရဟိတမိသားစုအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်း ထံမှ သိရသည်။


"လာမယ့် မဟာသင်္ကြန် အကြိုနေ့မှာ ကမ်းလက်များ ပရဟိတမိသားစု အဖွဲ့က ဦးဆောင်ကျင်းပတဲ့ ဒုတိယ
အကြိမ် သနပ်ခါးပွဲတော်ကို မနှစ်ကကျင်းပခဲ့တဲ့ ဗိုလ်ချုပ်ပန်းခြံမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ သနပ်ခါး လိမ်းပွဲတော်ကျင်းပတဲ့ အဓိကရည်ရွယ်ချက်က မိတ္ထီလာမှာ မြန်မာ့ရိုးရာ ယဉ်ကျေးမှုတစ်ခုကို စတင်တည်ဆောက်ချင်တာပါ။ အဲဒီလိုပြုလုပ်တဲ့အတွက် သင်္ကြန်အတွင်း သရုပ်ပျက် ယဉ်ကျေးမှုတွေ လျော့နည်းသွားလိမ့်မယ်လို့
မျှော်လင့်ပါတယ်။ ပြီးတော့ မဟာသင်္ကြန် အကြိုနေ့ဆိုရင် မိတ္ထီလာမှာ မြန်မာ့ရိုးရာ ဝတ်စုံဝတ်ဆင်ပြီး သနပ်ခါး
လိမ်းတယ်။ သပြေခက်နဲ့ ရေပက်ဆိုတဲ့ အစဉ်အလာလေး ပေါ်ထွန်းလာစေချင်လို့ ဖြစ်ပါတယ်။ အဲဒီအစဉ်အလာ
ဖြစ်လာရင် မိတ္ထီလာသင်္ကြန်ကို လာရောက်လည်ပတ်သူတွေနဲ့ ပိုမိုစည်ကားလာပြီး မြို့လည်းပိုမိုဖွံ့ဖြိုးတိုးတက်
လာမယ်လို့ ယူဆလို့ဖြစ်ပါတယ်။ ပြီးတော့သနပ်ခါးလိမ်းတဲ့ ယဉ်ကျေးမှုလည်း ပိုမိုထင်ရှားလာစေလို့တဲ့အတွက်
ပါ" ဟု ကမ်းလက်များ ပရဟိတမိသားစု အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာမြတ်မင်း က ပြောသည်။


၂၀၁၈ ခုနှစ် မိတ္ထီလာ မဟာသင်္ကြန်အကြိုနေ့က ကမ်းလက်များ ပရဟိတမိသားစုအဖွဲ့ ဦးဆောင် ၍
ပထမအကြိမ် သနပ်ခါးလိမ်းပွဲတော်ကို ကျင်းပခဲ့ပြီး ပွဲတော်ကျင်းပရာ ဗိုလ်ချုပ်ပန်းခြံအတွင်း၌ လာရောက်လည်
ပတ်သူများအား သနပ်ခါးလိမ်းပေးခြင်း၊ သပြေခက်ဖြင့် အတာရေဖြန်းပက်ခြင်း၊ စတုဒီတာကျွေးမွေးခြင်း၊
ဗုဒ္ဓရုပ်ပွားဆင်းတုတော်များ မဲဖောက်လှူဒါန်းခြင်းများ ပြုလုပ်ခဲ့သည်။ ယခုနှစ်တွင် သနပ်ခါးလိမ်းပြိုင်ပွဲ ကျင်းပ
ခြင်း၊ ဆံရစ်ဝိုင်းကလေးငယ်များနှင့်တွဲ၍ ဓာတ်ပုံရိုက်နိုင်ရန် နေရာစီစဉ်ပေးခြင်း၊ သပြေခက်ဖြင့်အတာရေ
ပက်ဖြန်းခြင်း၊ သနပ်ခါးလိမ်းပေးခြင်း၊ စတုဒီတာကျွေးမွေးခြင်း စသည် အစီအစဉ်များဖြင့် ဒုတိယအကြိမ်
သနပ်ခါးလိမ်းပွဲတော်ကို ကမ်းလက်များ ပရဟတိမိသားစုနှင့် စိတ်ပါဝင်စားသူဒေသခံများ ပူးပေါင်း၍ စည်ကား
သိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ 


ချမ်းသာ (မိတ္ထီလာ)