မိတ္ထီလာ ၁၂ ဧပြီ
မိတ္ထီလာတွင် ပထမဆုံးအကြိမ် လမ်းလျှောက်သင်္ကြန်ကို မဟာသင်္ကြန်အကျနေ့ ဧပြီ ၁၄ ရက်မှ မဟာသင်္ကြန်အတက်နေ့ ဧပြီ ၁၆ အထိ ၃ ရက်တိုင် ဓမ္မသုခရွှေစည်းခုံဘုရားအနီး ကန်ပတ်လမ်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
မိတ္ထီလာမှာ လမ်းလျှောက်သင်္ကြန်ကို ပထမဆုံးအကြိမ်ကျင်းပတာဖြစ်ပြီး သင်္ကြန်အကျနေ့ကနေ သင်္ကြန်အတက်နေ့ထိ ၃ ရက်တိုင် ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ အကြိုနေ့ကတော့ ဗဟိုမဏ္ဍပ်ဖွင့်ပွဲလည်းရှိ သနပ်ခါးလိမ်းပွဲတော်လည်း ရှိနေတာမို့ သင်္ကြန်အကျနေ့ကစတင်ပြီးတော့ လမ်းလျှောက်သင်္ကြန်ကို ကျင်းပပြုလုပ်တာဖြစ်ပါတယ်။ မိတ္ထီလာမှာ ပထမဆုံးစတင်ကျင်းပတဲ့ လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေးအတွက် ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ စေတနာရှင်များနဲ့ လူမှုရေးအသင်းအဖွဲ့များရဲ့ လှူဒါန်းထောက်ပံ့မှု၊ ဝိုင်းဝန်းပါဝင်ကူညီဆောင်ရွက်မှုတွေနဲ့ ဆောင်ရွက်တာ ဖြစ်ပါတယ်ဟု အဆိုပါ လမ်းလျှောက်သင်္ကြန်ဖြစ်မြောက်ရေးကော်မတီဝင် ဦးအောင်ဆန်းထွန်း က ပြောသည်။
မိတ္ထီလာတွင် ပထမဆုံးအကြိမ်ကျင်းပမည့် လမ်းလျှောက်သင်္ကြန်မှာ ယင်းကန်ပတ်လမ်းနေရာ၌ ပေတစ်ထောင် အကွားအဝေး လမ်းတလျှောက် ကာလာရောင်စုံထီးများမိုးပေးထားပြီး လမ်းလျှောက်သင်္ကြန်ပွဲတော် ကျင်းပသည့် ရက်များတွင် ပါဝင်ဆင်နွှဲသူများအား စတုဒီသာသင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်နှင့် မြန်မာ့ရိုးရာမုန့်မျိုးစုံတို့ဖြင့် စေတနာရှင် အလှူရှင်များက လှူဒါန်းကျွေးမွေးသွားမည်ဖြစ်ကာ သင်္ကြန်ရေပန်းများလည်း တပ်ဆင် ပေးထားမည်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ (မိတ္ထီလာ)


