မြိတ် ၇ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် ထားဝယ်ကောလိပ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ ပထမအကြိမ် မြတ်ဆရာပူဇော်ပွဲကို ဧပြီလ(၆)ရက် နံနက်(၉)နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ထားဝယ်ကော့လိပ်ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲတွင် ကန့်တော့ခံ ဆရာ/မ(၅၇)ဦး ရှိပြီး အဝေးရောက်ဆရာ/မ(၁၄)ဦးရှိကာ တက်ရောက်လာကြသော ကန်တော့ခံ ဆရာ/မ(၄၃)ဦးအား ကျောင်းသား/ကျောင်းသူဟောင်း (၈၀ဝ)ကျော်မှ ဂါရဝပြု ကန့်တော့ခဲ့ကြသည်။
“ ဒီလိုမျိုး နှစ်စဉ်နှစ်တိုင်း ဆရာကြီး ဆရာမကြီးတွေကို ကန့်တော့ရမယ်။ အနှစ်(၃၀)လောက်ကွာ နေတဲ့ ကျောင်းသား/ကျောင်းသူဟောင်းတွေ ပြန်လည်တွေ့ဆုံရတဲ့အတွက် ဝမ်းသာပီတိဖြစ်ရပါတယ်။ ဆရာကြီး ဆရာမကြီးတွေကို ကန့်တော့ရတဲ့အတွက် အင်မတန် ကျေးဇူးတင်ပါတယ်။ နောက်ထပ်ဒီလိုပွဲတွေ ဆောင်ရွက် ပေးဖို့မေတ္တာရပ်ခံလိုပါတယ်” ဟု ကျောင်းသားဟောင်း ဦးကျော်မင်း က ပြောသည်။
ထားဝယ်ကောလိပ် ကျောင်းသား/ကျောင်းသူဟောင်းများအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ထားဝယ်မှာပြုလုပ်သည့် ကျောင်းသား/ကျောင်းသူဟောင်းများ တွေ့ဆုံပွဲတွင် ဆရာတွေမပါဘဲ ပြုလုပ်လိုက်ရကြောင်း၊ မြတ်ဆရာပူဇော်ပွဲ ပထမ အကြိမ်အဖြစ် ရန်ကုန်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ကျောင်းသား/ကျောင်းသူဟောင်းများ အားလုံးစုစည်း၍ မြိတ်တက္ကသိုလ်တွင် ကျင်းပခြင်းဖြစ်ကြောင်း ပူဇော်ပွဲ ကျင်းပရေးကော်မတီမှ သိရသည်။
ထားဝယ်ကော့လိပ် ကျောင်းသား/ကျောင်းသူဟောင်းများ၏ မြတ်ဆရာပူဇော်ပွဲကို (၁၉၈၂)မှ (၁၉၈၈)ထိ ပထမ ပိုင်းအနေနဲ့ ပြုလုပ်ခြင်းဖြစ်ကြောင်း၊ အလျဉ်းသင့်တဲ့အချိန်မှာ (၁၉၈၂)မှ(၁၉၉၆)ထိ မျိုးဆက်သစ်ကျောင်းသားတွေပါတဲ့ ပြီးပြည့်စုံတဲ့ မြတ်ဆရာပူဇော်ပွဲကို ကြိုးစားဆောင်ရွက် သွားကြမည်ဖြစ်ကြောင်း (၁၉၈၄)ကျောင်းသား ဟောင်း ဦးတင်ထွေးထံမှ သိရသည်။
“ ဆရာတွေကို ကျေးဇူးတင်တဲ့စိတ် ချစ်တဲ့စိတ် ပြုစုစောင့်ရှောက်ချင်တဲ့စိတ် ပူဇော်ချင်တဲ့စိတ်တွေနဲ့ သူတွေတွေ မမောနိုင်မပမ်းနိုင်အောင် ကြိုးစားခဲ့ကြတယ်။ အားလုံး စုစုပေါင်းပေါင်း ညီညီညွှတ်ညွှတ်နဲ့ ဂါရဝပြု ပြီးတော့ ပူဇော်ပွဲ ကျင်းပတဲ့ သားတွေ သမီးတွေအတွက် ကုသိုလ်အမျိုးမျိုးကို ဆထက်တပိုး တိုးပွား ကြိုးစား ရင်းနဲ့ ကုသိုလ်ရဲ့အကျိုး ကောင်းကျိုးချမ်းသာအဖြာဖြာတွေရကြပါစေ။ လိုရာဆန္ဒပြည့်စုံကြပါစေ လို့ ပြောကြား ချင်ပါတယ်” ဟု မြန်မာစာဌာနအငြိမ်းစားဆရာမကြီး ဒေါ်မိုးသီတာနှင်း က ပြောသည်။
မြတ်ဆရာပူဇော်ပွဲတွင် ကန့်တော့ခံ ဆရာ/ဆရာမများအား ကျောင်းသား/ကျောင်းသူဟောင်းများမှ ပူဇော်ပွဲ အထိမ်းအမှတ် ဖယောင်းတိုင်ထွန်းညှိပြီး ကန့်တော့ချိုးများဖြင့် လက်အုပ်ချီ ပူဇော်ကန့်တော့ကြ၍ ကန်တော့ လက်ဆောင်ပစ္စည်းများ ကို ဆရာ/ဆရာမများအား လက်ရောက်ပေးအပ် ဂါရဝပြုကန့်တော့ခဲ့ကြသည်။ မြတ်ဆရာ ပူဇော်ပွဲတွင် ထားဝယ်ကော့လိပ်ကျောင်းသား/ကျောင်းသူဟောင်းများမှ မြိတ်တက္ကသိုလ်ဓမ္မာရုံအတွက် အလှူငွေ ကျပ် (၁၂)သိန်း လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


