မြိတ်တွင် WY စိတ်ကြွရူးသွပ်ဆေးပြား  ၉၂၀၀၀ ကျော် သိမ်းဆည်းရမိ

မြိတ် ၁၂ ဇန်နဝါရီ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကျပ်သိန်းပေါင်း ၄၆၀၀ ကျော်တန်ဖိုးရှိ WY စိတ်ကြွရူးသွပ်ဆေးပြား ၉၂၀၀၀ ကျော် လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူများကို ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါး လက်ဝယ်ထားရှိ ဖြန့်ဖြူးရောင်းချသူသုံးဦးမှာ မောင်ဦး(ခ)မတ်တာကီ ၊ သိန်းနိုင်မြင့်(ခ) အာယုခန်း နှင့် စိုးနိုင်(ခ)ဟာဖွီးတို့ဖြစ်ကြကြောင်း သိရသည်။

မူးယစ်ဆေးဝါးသတင်းအရ မြစ်ငယ်ရပ်ကွက် ပုလဲလမ်းနှင့်(၆)လမ်းဆုံ တက္ကစီဂိတ်တွင် ဒုရဲအုပ်ဇင်မိုးဦး နှင့်အဖွဲ့သည် သက်သေများနှင့်အတူ မောင်ဦး ကို WY ဆေးပြား ၂၀ ဖြင့်  ရှာဖွေတွေ့ရှိခဲ့ရပြီး ၎င်းအား စစ်မေးရာ သိန်းနိုင်မြင့်ထံမှ ဝယ်ယူရရှိကြောင်း သိရှိရသဖြင့် သိန်းနိုင်မြင့် ကို ဒုရဲအုပ် ကျော်ဆန်းဦး နှင့်အဖွဲ့မှ သက်သေများနှင့်အတူ ဇင်ယော်မင်းလမ်းတွင် သွားရောက်စောင့်ဆိုင်းနေစဉ် ၎င်းထံမှ WY ဆေးပြား ၂၈၀၀ သိမ်းဆည်း ရမိခဲ့ကြသည်။ 

မူးယစ်ဆေးဝါးများကို စိုးနိုင်(ခ)ဟာဖွီးနှင့်အတူ ရောင်းဝယ်ဖြန့်ဖြူးရာက ရရှိကြောင်း သိန်းနိုင်မြင့်ထံမှ  သိရှိရပြီး သိန်းနိုင်မြင့်က ၎င်းနေအိမ်တွင် မူးယစ်ဆေးဝါးများ ကျန်ရှိနေသေးကြောင်းသိရသဖြင့် သွားရောက်ရှာဖွေခဲ့ကြရာ WYဆေးပြား ၉၀၀၀၀ ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြပြီး စုစုပေါင်း WY ဆေးပြား ၉၂၈၀၀   ကို   သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးများကို လက်ဝယ်ထားရှိရောင်းချသုံးစွဲသူများကို မြိတ်မြို့မ ရဲစခန်းမှ အရေးယူထားကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )