၂၃ ဩဂုတ်

 

၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတော်က ရွေးချယ်ချီးမြှင့်ခြင်းခံရသည့် မျိုးဆက်သစ် လူရည်ချွန်လေးများအား ဂုဏ်ပြုပွဲကို တစ်နိုင်ငံလုံးရှိ ခရိုင်မြို့ အများစုတွင် ၂၁-၈ - ၂၀၂၀ ရက် သောကြာနေ့က တစ်ပြိုင်နက်ကျင်းပရာ ၁၉၆၄-၁၉၈၈ ခုနှစ်အတွင်း ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရသည့် လူရည်ချွန်ကြီးများက မိမိတို့ နီးစပ်ရာ ခရိုင်မြို့များသို့ သွားရောက်ပူးပေါင်း၍ ဂုဏ်ပြုခဲ့ကြပါသည်။

 

ဂုဏ်ပြုပွဲများ ပြုလုပ်

 

ပုံမှန်အားဖြင့် နိုင်ငံတော်က ချီးမြှင့်ခံရသည့် လူရည်ချွန်များသည် ငွေဆောင်ကမ်းခြေ အင်းလေးခေါင်တိုင်း ပုဂံအပန်းဖြေစခန်း စသည်တို့တွင် အပန်းဖြေရင်း ဒေသန္တရလေ့လာရေးခရီးစဉ်များ သွားရောက်ကြရပါသည်။ ယခုနှစ်တွင် Covid-19 ကြောင့် အပန်းဖြေစခန်းများသို့ သွားရောက်ခွင့် မရကြဘဲ ခရိုင်အလိုက် ဂုဏ်ပြုပွဲများ ပြုလုပ်ကြခြင်း ဖြစ်သည်။

 

ကျွန်မအနေဖြင့် ၁၉၇၈၊ ၁၉၈၀၊ ၁၉၈၁ ခုနှစ်တို့တွင် လူရည်ချွန်ဆု (၃) ကြိမ်ချီးမြှင့်ခံခဲ့ရသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင် လူရည်ချွန်များ ဂုဏ်ပြုပွဲသို့ တက်ရောက်ချီးမြှင့်ခွင့် ရရှိခဲ့ပါသည်။

 

လူရည်ချွန်များသည် ကျောင်းစာသာမက ကြံ့ခိုင်စွမ်းရည်နှင့် အသက်အရွယ်၊ အတန်းပညာနှင့် လျော်ညီသော ဗဟုသုတပြည့်ဝသူများ၊ ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်ထူးချွန်သူများ၊ စည်းကမ်း၊ စိတ်ဓာတ်ကောင်းသူများ ဖြစ်ကြပါသည်။

 

စံပြအဖြစ် ရပ်တည်လုပ်ကိုင်ပြ

 

လူရည်ချွန်များအနေဖြင့် တစ်ဦးချင်းစီတွင် အထက်ပါအရည်အချင်းများနှင့် ပြည့်စုံပြီး ဖြစ်ကြသော်လည်း မိမိပတ်ဝန်းကျင် အသိုင်းအဝိုင်းကိုပါ စည်းကမ်းကောင်းရန်၊ စိတ်ဓာတ်ကောင်းမွန်ခိုင်မာရန်၊ ဘာသာရပ်များ ကျွမ်းကျင်ပိုင်နိုင်ရန် ပံ့ပိုးကူညီရမည့် တာဝန်လည်းရှိနေပါသည်။

 

မိမိကိုယ်တိုင်မှစ၍ မိမိပတ်ဝန်းကျင်ကိုကောင်းမွန်အောင် ဆောင်ရွက်ရာတွင် နှုတ်ကပြောရုံဖြင့် မလုံလောက်ဘဲ မိမိကိုယ်တိုင် စံပြအဖြစ် ရပ်တည် လုပ်ကိုင်ပြခြင်းဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အတွင်း လူရည်ချွန် ရရှိခဲ့ကြသော လူရည်ချွန်ကြီးများသည် ယနေ့အချိန်အခါ၌ ပညာရေးနယ်ပယ်တွင် ဆရာကြီးများ၊ ဆရာမကြီးများ၊ နိုင်ငံတော်နှင့် ပြည်သူများ၏ အရေးအရာများကို ဆောင်ရွက်နေသော လွှတ်တော်ကိုယ်စားလှယ်များ၊ တပ်မတော်သားများ၊ ရေကြောင်းလေကြောင်း ပညာရှင်များ၊ အင်ဂျင်နီယာများ၊ ဆရာဝန်ကြီးများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူများ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်နေသူ များအဖြစ် မိမိနိုင်ငံအတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ဆောင်ရွက်နေသူများ ဖြစ်နေပြီဖြစ်ပါသည်။

 

၁၉၆၄ - ၁၉၈၈ လူရည်ချွန်ကြီးများအနက် ခေတ်အဆက်ဆက်တွင် နိုင်ငံတော်အဆင့်ထိ တာဝန်ထမ်းဆောင်ခဲ့သူများ ရှိခဲ့သကဲ့သို့ ယခုလက်ရှိ အချိန်အခါတွင်လည်း နိုင်ငံတော်အဆင့် တာဝန်ထမ်းဆောင်နေသူများ ရှိပါသည်။

 

လေးလေးနက်နက် ကြိုးစားလေ့လာ

 

မျိုးဆက်သစ်လူရည်ချွန်များ အနေဖြင့်လည်း နောင်တစ်ချိန်တွင် ယနေ့ လူရည်ချွန်ကြီးများ ပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းနယ်ပယ်များတွင် ဆက်လက်ပါဝင်ဆောင်ရွက်သည့်အခါ လူရည်ချွန်ကြီးများထက် မနိမ့်သော၊ လူရည်ချွန်ကြီးများထက် ပိုမိုသာလွန်သော အရည်အချင်းများဖြင့် ဆောင်ရွက်နိုင်ရန် ယခုမှစ၍ မိမိလေ့လာသင်ယူရမည့် ဘာသာရပ်များ၊ ဗဟုသုတများကို လေးလေးနက်နက် ကြိုးစားလေ့လာရန် တိုက်တွန်းပါသည်။

 

နောက်မျိုးဆက်သစ်သည် လက်ရှိ မျိုးဆက်ထက် ပိုမိုသာလွန်မှသာလျှင် အဘက်ဘက်မှ တိုးတက်ကောင်းမွန်သော နိုင်ငံတစ်နိုင်ငံ ဖြစ်လာမည်ဖြစ်ပါသည်။

 

နောက်မျိုးဆက်သစ်သည် လက်ရှိမျိုးဆက်ကိုမမီလျှင်၊ နိမ့်ကျလျှင် နိုင်ငံသည်လည်း ပို၍ပို၍ နိမ့်ကျရန်သာ ရှိပါမည်။

 

မျိုးဆက်သစ် လူရည်ချွန်များအပါအဝင် လူငယ်များ အရည်အချင်းနှင့် စိတ်ဓာတ်တိုးတက်ကောင်းမွန်ရန် လူငယ်များကိုယ်တိုင် ကြိုးစားရမည် ဖြစ်သကဲ့သို့ ယနေ့လူရည်ချွန်ကြီးများ အပါအဝင် ကဏ္ဍပေါင်းစုံမှ လူကြီးပိုင်းသို့ ရောက်ရှိနေကြပြီဖြစ်သော ပုဂ္ဂိုလ်များက မိမိတို့ လက်လှမ်းမီသရွေ့ လူငယ်လူရွယ်များကို လေ့ကျင့်ပျိုးထောင်ပေးပါရန်လည်း အကြံပြုတိုက်တွန်းအပ်၊ ပါသည်။

 

လွယ်ကူစွာလေ့လာနိုင်ပြီ

 

နိုင်ငံတော်အနေဖြင့်လည်း မြန်မာနိုင်ငံကင်းထောက်အဖွဲ့၊ လူရည်ချွန် စီမံကိန်း စသည်ဖြင့် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိပါသည်။

 

လူငယ်လူရွယ်များအနေဖြင့်လည်း ကျောင်းစာသာမက ကြံ့ခိုင်သန်စွမ်းသော နိုင်ငံသားများဖြစ်ရန် မိမိဝါသနာပါရာ အားကစား သို့မဟုတ် ကိုယ်လက် လှုပ်ရှားမှုတစ်ခုခုကို လေ့ကျင့်ပြုလုပ်သင့်ပါသည်။ ခန္ဓာကိုယ် ကြံ့ခိုင်သန်စွမ်းမှသာ မိမိလေ့လာလိုသော ပညာများကို ဉာဏ်ရည်ဉာဏ်သွေးမြင့်မားစွာဖြင့်၊ ခံနိုင်ရည်မြင့်မားစွာဖြင့် ထိရောက်စွာလေ့လာနိုင်မည် ဖြစ်ပါသည်။ လေ့ကျင့်ခန်းလုပ်ရန် အထောက်အကူပစ္စည်းများကိုလည်း သက်ဆိုင်ရာ မြို့နယ်တော်တော်များများတွင် တပ်ဆင်ပေးထားသည်ကို တွေ့ရှိရပါသည်။ လေ့ကျင့်ခန်းလုပ်ရန် အထောက်အကူပစ္စည်းများမရှိသည့် ဒေသများတွင် ကိရိယာလွတ်လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ပါသဖြင့် ပြင်းထန်သည့် ရောဂါအခံ မရှိသူ လူငယ်များအနေဖြင့် လေ့ကျင့်ခန်းပြုလုပ်ရန် အကြံပြုတိုက်တွန်း ပါသည်။ ပြင်ပဗဟုသုတများ လေ့လာရန်အတွက်လည်း အင်တာနက် အသုံးပြု၍ရသောနေရာများတွင် လွယ်ကူစွာလေ့လာနိုင်ပြီ ဖြစ်ပါသည်။ အင်တာနက်မရသေးသည့် နေရာတွင်ပင်လျှင် စာအုပ်စာစောင်များရရှိမှုမှာ ယခင်ကထက် ပိုမိုလွယ်ကူလာပြီဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မျိုးဆက်သစ် လူရည်ချွန်မောင်မယ်များအား စဉ်ဆက်မပြတ် ကြိုးစားလေ့လာသွားရန် တိုက်တွန်းလျက် ထူးချွန်ထက်မြက်သော နိုင်ငံ၏အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်ကြပါစေဟု ဆုမွန်ကောင်းများပို့သ၍ ဂုဏ်ပြုလိုက်ပါသည်။ ။

 

သီတာမြင့်