၂၅  ဇူလိုင်

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကိစ္စသည် အရေးကြီးသည်။ ကျွန်တော်တို့လူသားများ ကျန်းကျန်းမာမာ အရှည်သဖြင့် တည်ရှိနေဖို့ ဇီဝမျိုးစုံမျိုးကွဲများ မရှိမဖြစ် လိုအပ်နေသည်။ လိုအပ်သလိုလည်း ထိုဇီဝမျိုးစုံ မျိုးကွဲ များကို လူတိုင်းက   နေ့စဉ်သတိချပ်ပြီး   ထိန်းသိမ်းဖို့လိုသည်။

လူသားများ ကျန်းကျန်းမာမာ အရှည်သဖြင့် တည်ရှိနေဖို့အတွက် အရေးကြီးသောကိစ္စများစွာရှိရာ သန့်ရှင်းသော ရေ၊ လေ၊ ကောင်းမွန်သောအိုဇုန်းလွှာ စသည်တို့နှင့်အတူ  ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကိစ္စသည်လည်း အရေးတကြီးပါဝင်နေသော ကိစ္စဖြစ်သည်။ ဇီဝမျိုးစုံ မျိုးကွဲများသည် လူသားတို့ အသက်ရှင်နေထိုင်ရေးအတွက် အစားအသောက်၊ နေရေးထိုင်ရေး၊ ဆေးဝါး၊ ရေ၊ လေ ထောက်ပံ့ပေးမှု၊   ရာသီဥတုညီမျှစေမှု   စသည်ဖြင့် ဝန်ဆောင်မှုရော၊ ထုတ်လုပ်ပေးမှုရော အထောက်အကူ ပေးနေသည်။

ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး

သို့သော်လည်း ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေးကို နားလည်သဘောပေါက်သူများ၊ ထိန်းသိမ်းရန်တာဝန် ရှိသူများ၊ အဖွဲ့အစည်းများလောက်ကသာ ထိန်းနေသည် ကို သတိပြုမိသည်။   လူတိုင်း ပါဝင်ရပါမည်။   ဇီဝမျိုးစုံ မျိုးကွဲများနှင့် သူတို့နေထိုင်ကျက်စားရာဒေသများ၊ ဂေဟစနစ်များကို   အလွန်အကျွံထုတ်ယူသုံးစွဲဖျက်ဆီးနေကြ သည်ကို  တွေ့နေရသည်။    လာမည့် ၁၀ စုနှစ်အတွင်း အပင်နှင့်   သတ္တဝါမျိုးစိတ်တစ်သန်းခန့်   ပျက်စီးနိုင် ကြောင်း(2019 Intergovernmental Science-Policy Platform on Biodiversity and Ecosystem-Global Assessment-IPBES) တွင် ဖော်ပြထားသည်။

ကိုယ့်အတွက်  အကျိုးပြုနေသော  အရာဝတ္ထုကို အလွန်အကျွံ ထုတ်ယူစားသုံးနေခြင်း၊ မလျော်သော စားသုံးမှုပြုနေကြခြင်း၊ သူတို့နေထိုင်ကျက်စားရာဒေသများ၊ ဂေဟစနစ်များကို  ဖျက်ဆီးနေခြင်းသည်  အရိပ်နေနေ အခက်ချိုးချိုးလုပ်ရာ  ရောက်လှသည်။  အကျိုးဆက် အားဖြင့်လည်း လူသားများ ဒုက္ခရောက်နေကြရသည်။

ကပ်ရောဂါများ ပိုကျရောက်နိုင်

ဇီဝမျိုးစုံမျိုးကွဲများထိန်းသိမ်းရေး ကျွမ်းကျင်သူများ အဖွဲ့က “ကျွန်တော်တို့လူသားများဟာ ဇီဝမျိုးစုံမျိုးကွဲ သဘာဝများအား  လျင်လျင်မြန်မြန်ဖျက်ဆီးနေမှုကို မရပ် ဆိုင်းပါက ကိုဗစ်-၁၉ ကဲ့သို့သော ကပ်ရောဂါများ ပိုပြီး မကြာခဏ ကျရောက်လိမ့်မည်” ဟု သတိပေးထားသည်။ လူကိုကူးစက်နိုင်သော အမျိုးအမည် မခွဲခြားရသေးသည့် ၁ ဒသမ ၇ သန်းသော ဗိုင်းရပ်စ်များသည် ရေပျော်ငှက်များ နှင့် နို့တိုက်သတ္တဝါများတွင် ရှိနေကြသည်ဟုလည်း သိရ သည်။ 

ကိုဗစ်-၁၉ နှင့်ပတ်သက်ပြီး လက်ရှိ ချဉ်းကပ်ပုံနည်း လမ်းမှာ ကုသဆေးပေါ်ထွက်ဖို့သာ မျှော်လင့်နေကြခြင်း ဖြစ်သည်။ ယင်းမှာမှန်ကန်သောချဉ်းကပ်ပုံ နည်းလမ်း မဟုတ်ကြောင်း၊ မှန်ကန်သောနည်းလမ်းမှာ ဤရောဂါ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းကိုလည်း ရှာဖွေဖော်ထုတ် ရန်ဖြစ်ကြောင်း ဆိုပါသည်။ IPBES  က သဘာဝတရားကို ကာကွယ်ရန်  မူဝါဒနှင့်လုပ်ငန်းစဉ်များ ရွေးချယ်ချမှတ်ရန်လည်း တိုက်တွန်းထားသည်။ သို့မှသာ သဘာဝတရားကလည်း ကျွန်တော်တို့ကို ပြန်လည် အကာအကွယ်ပေးမည် ဖြစ်သည်ဟု IPBES က ဆိုသည်။

တိရစ္ဆာန်မှလူသို့ ကူးစက်ရောဂါများ

World Economic Forum မှာလည်း ၇၅ ရာခိုင် နှုန်းသော ကူးစက်ရောဂါများမှာ တိရစ္ဆာန်များမှ လူသို့ ကူးစက်သောရောဂါ(Zoonotic Disease)ဟု ဖော်ပြထား သည်။ ကြွက်၊ လင်းနို့၊ မျောက်၊  လူဝံနှင့်  အိမ်မွေးတိရစ္ဆာန် တို့မှ ဗိုင်းရပ်စ်များသည် လူကိုကူးစက်ရန် အလားအလာ ရှိသော  ဗိုင်းရပ်စ်များဖြစ်သည်ဟု  သိရသည်။ အီဘိုလာ၊ အိတ်ချ်အိုင်ဗွီ၊ ဆားစ်၊ မားစ်၊ ဇီကာ စသည့် ရောဂါဆိုးများ မှာ   တိရစ္ဆာန်များမှ   လူသို့ ကူးစက်ခဲ့သောရောဂါများ  ဖြစ်ကြသည်။  ယင်းရောဂါများ ကူးစက်မှုအတွက် ကမ္ဘာ ကြီးသည် လွန်ခဲ့သော အနှစ် ၂၀ အတွင်း အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ကုန်ကျခဲ့ရသည်ဟု သိရသည်။

ယင်းကုန်ကျမှုတွင် ယခုဖြစ်ပေါ်နေသော ကိုဗစ်-၁၉ အတွက် ကုန်ကျမှု မပါဝင်သေးချေ။  လက်ရှိအချိန်တွင် ကိုဗစ်-၁၉ ကြောင့် လူဦးရေငါးသိန်းကျော် အသက်ဆုံးရှုံး ခဲ့ရပြီး ၁၂ သန်းကျော် ကူးစက်ခံထားရသည်။ ယင်းရောဂါ ကြောင့် ပျက်စီးခဲ့ရသည့် စီးပွားရေးများ ပြန်လည်နာလန် ထူရန် တစ်ကမ္ဘာလုံးအနေဖြင့်      အမေရိကန်ဒေါ်လာ ၉ ထရီလီယံ လိုအပ်သည်ဟု ခန့်မှန်းထားသည်။

UNEP ၏ အမှုဆောင်ညွှန်ကြားရေးမှူး Ms. Inger Andersen က "လူသားတို့က အပင်နှင့် တိရစ္ဆာန်တွေ၊  ဂေဟစနစ်တွေကို ဆက်လက်ပြီး ဖျက်ဆီးသတ်ဖြတ် နေကြမယ်ဆိုရင် ရှေ့လာမယ့်နှစ်တွေမှာ တိရစ္ဆာန်ကနေ လူသားတွေဆီကို ရောဂါကူးစက်နေဦးမှာ အမှန်တရား (အသေအချာ)ပါပဲ။ ကမ္ဘာ့ကပ်ရောဂါတွေဟာ  ကျွန်မတို့ရဲ့ ဘဝ၊ ကျွန်မတို့ရဲ့စီးပွားရေးတွေကို ပျက်စီးအောင်လုပ်ခဲ့ပါ တယ်။ ဒီလို ပျက်စီးမှုနဲ့ ကြုံတဲ့အခါမှာ  ဆင်းရဲသားများ၊ စီးပွားရေး၊  လူမှုရေးအရ  အထိခိုက်မခံနိုင်သူများဟာ ပိုခံစားကြရပြီး  ပိုပြီးလည်း  ဒုက္ခရောက်ကြရပါတယ်။  ဒီလိုတွေ  မဖြစ်စေချင်ရင်တော့ သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးတွေကို အနာဂတ်မှာ ပိုလုပ်ကြဖို့လိုပါတယ်"ဟု ပြောကြားသည်။

မဟတ္တမဂန္ဒီ၏ အဆိုအမိန့်

တိရစ္ဆာန်များသည်   သက်ရှိသတ္တဝါများဖြစ်ကြ၍ တန်ဖိုးထားကြဖို့၊ ကာကွယ်ကြဖို့ကိစ္စနှင့်ပတ်သက်ပြီး ကျွန်တော်နှစ်ခြိုက်သော စကားစုလေးတစ်ခုကို ဤနေရာ တွင်  မျှဝေလိုပါသည်။  အိန္ဒိယနိုင်ငံ  အမျိုးသားခေါင်း ဆောင်ကြီး မဟတ္တမဂန္ဒီ၏ အဆိုအမိန့်ဖြစ်သည်။ "The greatness of a nation can be judged by the way its animals are treated"ဟုဖြစ်ပြီး အဓိပ္ပာယ်မှာ "နိုင်ငံ တစ်နိုင်ငံရဲ့ ကြီးကျယ်မြင့်မြတ်မှုကို အဲဒီနိုင်ငံရဲ့လူများက တိရစ္ဆာန်တွေအပေါ် ဘယ်လိုပြုမူဆောင်ရွက်ကြသလဲ ဆိုတာ လေ့လာကြည့်ရှုရုံဖြင့် အကဲဖြတ်နိုင်ပါတယ်”ဟု ဖြစ်သည်။

မဟတ္တမဂန္ဒီကြီးက “ကျွန်တော့်စိတ်ထဲမှာတော့   သိုးတစ်ကောင်ရဲ့ဘဝဟာ လူသားတစ်ယောက်ရဲ့ ဘဝ ထက် တန်ဖိုးမနည်းပါဘူး။   အကူအညီမဲ့တဲ့   အားနည်းတဲ့ တိရစ္ဆာန်တွေ ဖြစ်လေလေ  သူတို့ကို ရက်စက်ကြမ်းကြုတ် တဲ့လူသားတွေရန်မှ ပိုမိုကာကွယ်ပေးဖို့ လိုအပ်လေလေ ဖြစ်တယ်” ဟုလည်း ပြောခဲ့ပါသေးသည်။

အိမ်မွေးတိရစ္ဆာန်လေးများ၏ ကောင်းကျိုး

Anthony Douglas WIllians ကလည်း "တိရစ္ဆာန် တစ်ကောင်ကိုမြင်တဲ့အခါ တိရစ္ဆာန်လို့တောင် မမြင်ပါ ဘူး။  သက်ရှိတစ်ခုအနေနဲ့လို့ မြင်ပါတယ်။ သူငယ်ချင်း တစ်ဦးအနေနဲ့လည်း မြင်ပါတယ်။ ကိုယ့်ရဲ့ချစ်ရသူတစ်ဦး အနေနဲ့လည်း မြင်ပါတယ်”ဟု ဆိုခဲ့သည်။ သူပြောသလို ကိုယ့်ရဲ့ချစ်ရသူတစ်ဦးအနေနဲ့လည်း မြင်ပါတယ် ဆိုတာ ကို သဘောကျမိသည်။

ဒီကနေ့ ခေတ်အခါကိုကြည့်ပါ။  ကမ္ဘာမှာ စိတ်ကျ ရောဂါဖြစ်နေသူ သန်းပေါင်း ၃၀၀ ရှိနေပြီး ဝေဒနာရှင် အချို့မှာ  မိမိအသက်ကိုပင်  ရန်ရှာနေကြသည်။  ယင်းရောဂါ လျော့ကျစေမည့် နည်းလမ်းများထဲတွင် အိမ်မွေးတိရစ္ဆာန်လေးများ မွေးခြင်းက  နည်းလမ်းတစ်ခုအဖြစ် ပါဝင်လျက်ရှိသည်။ သုတေသန တွေ့ရှိချက်များတွင် အိမ်မွေးတိရစ္ဆာန်လေးများက သူတို့၏သခင်များကို စိတ်ပူပန်မှု၊ စိတ်ဖိစီးမှု၊ သွေးတက်မှုများမှ လျော့ပါးစေတတ်သည်ဟု   ဆိုသည်။   အိမ်မွေးတိရစ္ဆာန်လေးများအပေါ် ကြင်နာစွာဖြင့်  မွေးမြူခြင်းကပေးသည့်   ကောင်းကျိုး တစ်ခုဖြစ်သည်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာဆိုလျှင် Animal-assisted therapy programme ကိုပင် လုပ်ဆောင်နေပြီဟု သိရသည်။ ကိုးကား(Puppy love– Bang- kok Post, 2nd December, 2019)။ သို့သော်လည်း တိရစ္ဆာန်များမှ ကူးစက်တတ်သောရောဂါများအကြောင်း လေ့လာပြီး မွေးမြူရန်လည်း လိုအပ်သည်။

အပင်များကိုကြည့်မည်ဆိုလျှင်လည်း အကျိုးပြုမှု များ အမျိုးမျိုးရှိသည်ကို   သိကြပါလိမ့်မည်။  ဥပမာတစ်ခု အနေဖြင့်  ရိုးရာဆေးသုံးအပင် (herbal medicine)အကြောင်းကိုကြည့်နိုင်သည်။ WHO က ၂၀၀၂ ခုနှစ်တွင် ရိုးရာဆေးသုံးအပင်များ၏  တန်ဖိုးသည် အမေရိကန် ဒေါ်လာ ၆၀ ဘီလီယံရှိမည်ဟု ခန့်မှန်းခဲ့သော်လည်း National centre for Biotechnology Information ကမူ လာမည့် ၂၀၂၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁၁ ဘီလီယံအထိ ရှိလာနိုင်မည်ဟု ခန့်မှန်းထားသည်။ လူအများစု အနေဖြင့် ပရဆေးဖြင့် ရောဂါကုသလိုကြောင်းလည်း ဖော်ပြထားသည်။

မလွဲမသွေ အားထုတ်ရမည်

အချုပ်အားဖြင့် ကျွန်တော်တို့သည် လူသားမျိုးနွယ်စု ကို မပျောက်မပျက် တည်ရှိစေလိုပြီး တစ်ဦးချင်းအနေဖြင့် လည်း မိမိအသက်ကို ရသလောက် ဆွဲဆန့်ချင်ကြသည်။ ထိုဆန္ဒများ ပြည့်ဝစေဖို့အတွက်ဆိုလျှင် အပင်များနှင့် သတ္တဝါများသည်လည်း မရှိမဖြစ် လိုအပ်လျက်ရှိသည်။ သူတို့ရှိမှသာ ကျွန်တော်တို့ရှိမှာဖြစ်သည်။ ထို့ကြောင့် ကျွန်တော်တို့အနေဖြင့် အပင်များနှင့် တိရစ္ဆာန်များပါဝင်နေသော ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့ရေးကို မလွဲ မသွေ အားထုတ်ကာကွယ်ပေးရန် လိုအပ်လျက်ရှိကြောင်း ရေးသားဖော်ပြလိုက်ရပါသည်။

ဒေါက်တာစန်းဝင်း(သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်)