မိုးကောင်း ၁ ဒီဇင်ဘာ
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် နိုဝင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းက မီးသွေးဖုတ်ရန် သစ်ပင်ခုတ်သူ အမျိုးသားတစ်ဦး သစ်ပင်ပိ သေဆုံးခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၃၀ ရက် မွန်းလွဲ ၂ နာရီခန့်က မိုးကောင်းမြို့နယ်၊ မန်ရွက်ကျေးရွာနေ ဦးကျော်လွင်ဦး (၄၃)နှစ်၊ ဦးအောင်သူရ (၂၅)နှစ်နှင့် ဒေါ်သဇင်ရွှေ (၂၃)နှစ်တို့ သုံးဦးသည် မိုးကောင်းမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ဒလီရွာဟောင်း၊ သာခေါင်တောအတွင်းသို့ မီးသွေးဖုတ်ရန် သွားရောက်၍ လုံးပတ်လေးပေခန့်ရှိ သစ်ပင်အား ခုတ်လှဲခဲ့ရာ သစ်ပင်မှာ တစ်ခြားသစ်ပင်များနှင့် ညိနေပြီး ချက်ခြင်းလဲမကျသဖြင့် ထားခဲ့ကာ ပြန်လာခဲ့စဉ် သစ်ပင်မှာလဲကျပြီး ဦးကျော်လွင်ဦး၏ အပေါ်သို့ ပိမိသေဆုံးခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ သေဆုံးသူရုပ်အလောင်းအား မိုးကောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင်ကာ မိုးကောင်းမြို့မရဲစခန်းမှ ရဲဆေးစာရေးသား၍ မှုခင်းရေးဖွင့်ထားကြောင်း သိရသည်။
ဝင်းနိုင်(ကချင်မြေ)


