ကျောက်တံခါး ၂၅ ဒီဇင်ဘာ
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ မြို့ချောင်း-စိန်ကန့်လန့် ကားလမ်း၊ ပဲခူးရိုးမတောင်ပေါ် ၁၂ မိုင်ကျေးရွာအနီး၌ ဒီဇင်ဘာ ၂၄ ရက် နံနက် ၂ နာရီခန့်က တရားမဝင်ကျွန်းသစ် ၃ တန်ကျော်နှင့်အတူ ယာဉ်တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကျောက်တံခါးမြို့နယ် သစ်တောဦးစီးဌာန မြို့နယ်သစ်တောဦးစီးမှူး ဦးတင်ထွန်းနှင့် သစ်တောဝန်ထမ်းများ၊ သစ်တောလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့သည် မြို့ချောင်း စိန်ကန့်လန့် ကားလမ်းပိုင်းတစ်လျှောက် တရားမဝင်သစ် သယ်ယူမှုများ ရှာဖွေစစ်ဆေးနေစဉ် ပဲခူးရိုးမတောင်ပေါ် ၁၂ မိုင် ကျေးရွာအနီး မသင်္ကာဖွယ် ယာဉ်တစ်စီးအား တွေ့ရှိ၍ တားဆီးစစ်ဆေးရာ ရပ်တန့်ခြင်းမရှိဘဲ ၁၂ မိုင်ကျေးရွာမှ ဘိုင်းဒါးဆည်သို့သွားသည့် မြေသားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
ယင်းသို့ လိုက်လံဖမ်းဆီးရာတွင် ဘိုင်းဒါးသစ်တောကြိုးဝိုင်း အကွက်အမှတ် (၈၅) ၁၂ မိုင်ကျေးရွာ၏ တောင်ဘက် တစ်မိုင်ခန့်အကွာ ဘိုင်းဒါးဆည်သို့ သွားသည့်လမ်းပေါ်၌ ယာဉ်မောင်းမရှိဘဲ ရပ်တန့်ထားသည့် FORLA ND (၆) ဘီး အဖြူရောင်၊ နံပါတ်မပါယာဉ်အား တွေ့ရှိရသဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်ပေါ်မှ ကျွန်းခွဲသား (၆၁) ချောင်း ၃ ဒသမ ဝ၂၃ တန်အား သိမ်းဆည်းရမိခဲ့သည်။
သိမ်းဆည်းရမိသည့် သစ်များအား မြို့ချောင်းကယားဖူးစခန်းသို့ ညတွင်းချင်းသယ်ဆောင်ခဲ့ပြီး တရားမဝင် သစ်ခိုးထုတ် သယ်ယူနေသူ၊ ယာဉ်ပိုင်ရှင်/ယာဉ်မောင်းတို့အား ဖဒိုနယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
ခင်ကို(ကျောက်တံခါး)


