နယူးယောက် ၂၆ နိုဝင်ဘာ
နယူးယောက်မြို့တော်ဝန်ဟောင်း ဘီလျံနာသူဌေးကြီး မိုက်ကယ်ဘလွန်းဘာ့ဂ်သည် သမ္မတလောင်းအဖြစ် ၂၀၂၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည်ဟု နိုဝင်ဘာ ၂၄ ရက်က တရားဝင်ကြေညာခဲ့သည်။ လက်ရှိသမ္မတ ဒေါ်နယ် ထရမ့်ကို အနိုင်ယူပြီး အမေရိကန်ကို ပြန်လည်တည်ဆောက်မည်ဟု အသက် ၇၇ နှစ်အရွယ် မီဒီယာလောကမှ ဩဇာတိက္ကမကြီးမားသူ မစ္စတာဘလွန်းဘာ့ဂ်က ၎င်း၏ ဝက်ဘ်ဆိုက်ပေါ်မှတစ်ဆင့် ပြောကြားခဲ့သည်။
ဒီမိုကရက်တစ်သမ္မတလောင်းအဖြစ် ပြိုင်ပွဲဝင်မည်ဖြစ်ကြောင်း၊ ချမ်းသာကြွယ်ဝသူများသည် အခွန်ငွေ ပိုမိုပေးဆောင်ရမည်ဖြစ်ပြီး အလယ်အလတ်တန်းစားလူများသည် သင့်တင့်မျှတသည့် အခွန်ငွေ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် လူတိုင်းတတ်နိုင်သည့် ကျန်းမာရေးအာမခံ ရှိရမည်ဟုလည်း ၎င်းက မဲဆွယ်ထားသည်။ ၂၀၀၁ ခုနှစ် နယူးယောက်မြို့၌ အကြမ်းဖက်တိုက်ခိုက်ခံရမှုအပြီး နယူးယောက်မြို့ အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့မှုကိုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ပရဟိတလုပ်ငန်း အတွေ့အကြုံ၊ အုပ်ချုပ်ရေးအတွေ့အကြုံနှင့် စီးပွားရေးအတွေ့အကြုံများကို လုံးဝယုံကြည်မှုရှိကြောင်း ယင်းအတွေ့ အကြုံများကြောင့် ရွေးကောက်ပွဲတွင် အနိုင်ရပြီး ဦးဆောင်နိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
၎င်းသည် နယူးယောက်မြို့တော်ဝန်အဖြစ် သုံးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး တိုင်းပြည်တစ်ဝန်း တီဗွီမှတစ်ဆင့် ၎င်း၏ မဲဆွယ်မှုကြော်ငြာများအတွက် ဒေါ်လာသန်း ၃၀ အကုန်အကျခံ သုံးစွဲသွားမည်ဟု အမေရိကန်မီဒီယာများက ပြောကြသည်။
အမေရိကန်သမ္မတ ထရမ့်၏ ကျိုးကြောင်းမစဉ်းစားဘဲ လုပ်ထုံးလုပ်နည်းနှင့်မညီသည့် လုပ်ရပ်များကို နောက်တပ်လေးနှစ် ပို၍သည်းမခံနိုင်တော့ဟု စီးပွားရေးလုပ်ငန်း ရှင်ကြီးတစ်ဦးဖြစ်သူ ဘလွန်းဘာ့ဂ်က ပြောသည်။ ထရမ့်၏ အတ္တလွန်ကဲသည့် ခြိမ်းခြောက်မှုများ တိုင်းပြည်အပေါ် ကျရောက်နေကြောင်း အကယ်၍ နောက်ထပ်တစ်ကြိမ်သာ ထရမ့်အနိုင်ရပြီး သမ္မတအဖြစ် တာဝန်ထမ်းဆောင် ခွင့်ရခဲ့ပါက ယခုပျက်စီးနေမှုများကို ပြင်ဆင်၍ ရနိုင်တော့ မည်မဟုတ်ဟု ဘလွန်းဘာ့ဂ်က ပြောကြားခဲ့သည်။
အေအက်ဖ်ပီ၊ ဆင်ဟွာ


