ဇန်နဝါရီ ၉ ရက်
မိုးကုတ်မြို့နယ် ရှောလီဝိုင်းအုပ်စု ပိတ်စွယ်နယ်မြေ (၂)ရပ်ကွက်တွင် ယနေ့မွန်းလွဲ ၁ နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၂ လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ဦးသန်းထွန်း(ခ)အားတီသည် နေအိမ်အပေါ်ထပ်တွင် ဆေးလိပ်သောက်ပြီး ထားရှိခဲ့ရာမှ ဆေးလိပ်မီးကြွင်းမီးကျန်မှတစ်ဆင့် ခြင်ထောင်အား ကူးစက်လောင်ကျွမ်းကာ ၎င်း၏ သွပ်မိုးထရံကာ ၂ ထပ်နေအိမ်မှာ မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ အနီးပတ်ဝန်းကျင် နေအိမ်များအား ကူးစက်လောင်ကျွမ်းခဲ့သည့်အတွက် စုစုပေါင်း နေအိမ် ၁၂ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း၊ အနီးရှိနေအိမ်တစ်လုံးအား မီးလောင်မှုမှ ကာကွယ်ရန် ဖြိုချဖျက်ဆီးခဲ့ရကြောင်း သိရသည်။
အဆိုပါမီးလောင်မှုအား နယ်မြေခံတပ်မတော်သားများ၊ မိုးကုတ်မြို့နယ် ယာယီအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သန္ဓေမီးသတ်တပ်ဖွဲ့နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ ရေသယ်ယာဉ် ၃ စီးဖြင့် ရပ်ကွက်နေပြည်သူများနှင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ မိနစ် ၂၀ ခန့်တွင် မီးညွန့်ကျိုးပြီး ၂ နာရီခွဲတွင် မီးငြိမ်းခဲ့ကာ လူနှင့် တိရစ္ဆာန် သေဆုံးမှုမရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မီးဘေးသင့်အိမ်ထောင်စု ၁၄ စုမှ လူဦးရေ ၆၂ ဦးအား နီးစပ်ရာဆွေမျိုးများနှင့် ဘုရားရှိခိုးကျောင်းတွင် ယာယီတည်းခိုနိုင်ရန် ဆောင်ရွက်ထားရှိပြီး ယာယီကျွေးမွေးမှုအား ရပ်ကွက်အစီအစဉ်ဖြင့် ဆောင်ရွက်ထားလျက်ရှိကြောင်း၊ မီးပေါ့ဆစွာ အသုံးပြုသူ ဦးသန်းထွန်း(ခ)အားတီအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ဇေယျာမြင့်(မိုးကုတ်)


