နေပြည်တော် ၁ ဇန်နဝါရီ
တပ်မတော်မှ ယမန်နေ့ နံနက် ၅ နာရီက မိုးမိတ်မြို့နယ်၊ စင့်ကင်ကျေးရွာအနီး၊ ပင်ရှားစေး-စင့်ကင်ကျေးရွာသွားလမ်းတွင် ကျော်ဦး မောင်းနှင်ပြီး ရွှေသား လိုက်ပါလာသော မော်တော် ဆိုင်ကယ်နှင့် အောင်ကျော် မောင်းနှင်လာသောမော်တော်ဆိုင်ကယ် ၂ စီးကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၀၀၀ နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။
အလားတူ ယင်းနေ့ ညပိုင်းတွင် တပ်မတော်နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် နောင်ချိုမြို့နယ်၊ အိုရီယမ်တယ်တိုးဂိတ်အနီး၊ မူဆယ်-မန္တလေးသွားကားလမ်းတွင် ကျော်ဦး(ခ)အိုက်လန် မောင်းနှင်ပြီး စိုးနောင် လိုက်ပါလာသော မော်တော်ဆိုင်ကယ်ကိုရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅၁၇၄ ပြား သိမ်းဆည်းရမိခဲ့ သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။
(ရဲပြန်ကြား)


