မိုးနဲ ဩဂုတ် ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ကျေးလက်နေပြည်သူများ ၏ လယ်ယာဧကများမှထွက်ရှိသည့် စပါးနှင့်အခြားသော စိုက်ပျိုးသီးနှံများ စျေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာဖြင့် သယ်ယူပို့ဆောင်နိုင်ရန် ရည်ရွယ်၍ လယ်ယာဧကများစွာကို အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်နေမှု အခြေအနေများကို ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက နားခံကျေးရွာသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာတွင် နမ့်စန်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခွန်မြင့်သောင်း၊ မိုးနဲမြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးနှင့် အင်ဂျင်နီယာဝန်ထမ်းများသည် နားခံ ကျေးရွာတွင် အရှည် ၄ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ဒု ၉ လက်မရှိ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ခရိုင်ဦးစီးမှူးက ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လုပ်ငန်းများသတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး အလေးထား ဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားသည်။
အဆိုပါကျေးလက်ကုန်ထုတ်လမ်းနှင့် ဆက်စပ်လုပ်ငန်းများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် ခွင့်ပြုရန်ပုံငွေကျပ် ( ၁၈ ဒသမ ၂၁၁ )သန်းဖြင့် တင်ဒါအောင်မြင်သည့် ချမ်းမြေ့ဇမ္ဗူ ကုမ္ပဏီက ဩဂုတ်လ ပထမအပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ရှိပြီး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ ကျေးလက်နေပြည်သူများ၏ လယ်ယာမြေဧကများစွာကို အကျိုးပြုမည်ဖြစ်ကြောင်း မိုးနဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအာကာဖြိုးထံမှ သိရသည်။
မောင်ခိုင်


