မိုးနဲ ၁၉ မတ်
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ပြည်နယ်အသေးစား စက်မှု လက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်း (တောင်ကြီး)၏ စီစဉ်မှုဖြင့် အထည်ပန်းရိုက်နှင့် ဆေးရေးပန်းချီ သင်တန်းဆင်းပွဲ အခမ်းအနားကို လွိုင်မြေ ရပ်ကွက် ဝိဇ္ဇာရိယဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း (တောင်ကြီး) ကျောင်းအုပ်ဆရာမကြီးမှ ဒေါ်ခိုင်ခိုင်သိန်းက ဌာနလုပ်ငန်း၊ သင်တန်းအတွေ့အကြုံ၊ ထူးချွန်ဆု ရွေးချယ်ထားရှိမှုနှင့် သင်တန်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည် ။
ဆက်လက်၍ သင်တန်းတွင် ထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းလက်မှတ်များအား ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းလင်းဦး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းကို အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်၊ ဒေသတွင်း ရိုးရာယဉ်ကျေးမှု အမွေအနှစ်များအား ချစ်ခင်မြတ်နိုးပြီး ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည်ဖော်ထုတ် နိုင်လာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သင်တန်းတွင် သင်တန်းသူ သင်တန်းသား ၂၅ ဦးကို ၁၅ ရက်ကြာ ကျွမ်းကျင် သင်တန်းနည်းပြ နှစ်ဦးတို့က သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)


