မိုးနဲမြို့နယ်တွင် ရှမ်းနှစ်သစ်ကူးပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပ

မိုးနဲ    ၅   ဒီဇင်ဘာ     

     
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ်တွင် ရှမ်းတိုင်းရင်းသားလူမျိုးများ၏ ပြက္ခဒိန်အရ ဒီဇင်ဘာ ၈ ရက်တွင် သက္ကရာဇ် ၂၁၁၂−ခု၊ နှစ်ဟောင်းကုန်လွန်၍ ၂၁၁၃−ခု၊ နှစ်သစ်သို့ ကူးပြောင်းမည်ဖြစ်သည့်အတွက် ရှမ်းနှစ်သစ်ကူးပွဲတော် (၂၁၁၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက နားခံကျေးရွာ နှစ်သစ်ကူးပွဲဝန်းအတွင်း ကျင်းပခဲ့သည်။

 

 

ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ ဦးသီလကျောင်းတိုက် ဆရာတော်၊ နားခံ ကမ္မဌာန်းကျောင်းတိုက် ဆရာတော်၊ စိန်တောင်ကျောင်းတိုက် ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးထွဋ်နှင့် ရှမ်းစာပေယဉ်ကျေးမှုဥက္ကဋ္ဌ စိုင်းမင်းမင်းအောင်နှင့် တာဝန်ရှိသူတို့က ပွဲတော်မုခ်ဦး၊ သမိုင်းပြခန်းနှင့် ဖျော်ဖြေရေးစင်မြင့် နှစ်သစ်ကူးပွဲတော် (၂၁၁၃) အား ဖဲကြိုးဖြတ် ဖွင့်လှစ်ဖွင့်ပေးခဲ့ကြသည်။

 

ထို့နောက် ရှမ်းယဉ်ကျေးမှုအဖွဲ့များ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များက နှစ်သစ်ကူးပွဲတော် သီချင်းကို လည်းကောင်း၊ ရှမ်းရိုးရာ တိုးနယား၊ ကိန္နရီ၊ ဓါးသိုင်း၊ တုတ်သိုင်း၊ လက်သိုင်း စသည့် ယဉ်ကျေးမှုအက အလှများဖြင့် ဖျော်ဖြေတင်ဆက် ကပြကြခဲ့သည်။

 

 

ရှမ်းနှစ်သစ်ကူပွဲတော် (၂၁၁၃)ကို ဒီဇင်ဘာ ၅  ရက်မှ ၈ ရက်အထိ  ပျော်ပွဲရွှင်ပွဲများ၊ စတိတ်ရှိုး၊ ပဒေသာကပွဲ၊ အားကစားပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားအမှူးရှိသော ဆရာတော် သံဃာတော်များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ သက်ကြီးဘိုးဘွားများအား သက်ကြီးပူဇော်ကန်တော့ခြင်း၊  ကောက်သစ်လှူခြင်းများကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။  

 

မျိုးညွန့်ရွှေ(မိုးနဲ)