မိုးနဲ ၂၆ မတ်          


ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မြို့နယ် အဆင့် ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှု သင်တန်းကို မတ်၂၅ နှင့် ၂၆ ထိ နှစ်ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


အဆိုပါသင်တန်းကို တစ်နိုင်ငံလုံး ကျေးလက်ဒေသအထိ ပဏာမ မျက်စိကျန်းမာရေး စောင့်ရှောက်မှုများရရှိပြီး ပြည်သူများ မျက်မမြင်ဘဝသို့ မရောက်ရအောင် တားဆီးကာကွယ်ရန်၊ မျက်စိကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လာစေရန်၊ ကာကွယ်ကုသ၍ရသော မျက်စိရောဂါများကြောင့် မျက်မမြင်ဖြစ်ပွားမှု လျော့နည်းပပျောက်စေရန်၊ သက္ကရာဇ် ၂၀၂၀ တွင် ကာကွယ်ကုသ၍ရသော မျက်စိကွယ်ခြင်းများ ကင်းစင်ပပျောက်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


သင်တန်းသို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်နှင့်ကျန်းမာရေး ဝန်ထမ်းများ၊ မြို့နယ်အတွင်းရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများမှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။


မျိုးညွန့်ရွှေ(မိုးနဲ)