မိုင်းဆတ် ၁၄ ဧပြီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၁၉ ခုနှစ်၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်အကျနေ့ နံနက်ပိုင်းက ရေစားသူများ၊ ရေပက်ခံထွက်သူများနှင့် စတုဒိတာကျွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
“ကျွန်မတို့ ဗဟိုမဏ္ဍပ်မှာ မနက် ၈ နာရီကစပြီး ယိမ်းအဖွဲ့(၁၁)ဖွဲ့ရဲ့ ယိမ်းအကတွေနဲ့ LMC တီးဝိုင်းအဖွဲ့ရဲ့ စင်တင်တေးဂီတတွေနဲ့ ကပြဖြေဖျော်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက မုန့်လုံးရေပေါ် စတုဒိသာကျွေးပါတယ်၊ နေ့လယ်ကျတော့ ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထမင်းထုပ်တွေ လိုက်ဝေပေးပါတယ်” ဟု မြို့နယ်ဗဟိုမဏ္ဍပ်မှ အခမ်းအနားမှူး ဒေါ်နုနုလွင်က ပြောသည်။
ရေပက်ခံထွက်သူ ဦးအောင်လွင်ဌေးကလည်း “ဒီနေ့ မနက်ပိုင်းမှာတော့ မြို့နယ်ဗဟိုမဏ္ဍပ်၊ တပ်နယ်က သင်္ကြန်မိုးမဏ္ဍပ်နဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ မဏ္ဍပ်တွေမှာ ယိမ်းအကတွေ၊ စင်တင်တေးဂီတတွေနဲ့ ဖျော်ဖြေနေပြီး စတုဒိသာကျွေးတာတွေ၊ သင်္ကြန်ထမင်းထုပ် ဝေတာတွေနဲ့ မြို့ပတ်လမ်းတစ်လျှောက်မှာလည်း ရေကစားမဏ္ဍပ်လေးတွေနဲ့ ရေပက်ခံထွက်သူတွေနဲ့ စည်ကားနေပါတယ်” ဟု ပြောသည်။
၂၀၁၉ ခုနှစ် မိုင်းဆတ်မြို့ မြန်မာ့ရိုးရာ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် သင်္ကြန်အတက်နေ့ထိ နံနက်ပိုင်းနှင့် ညပိုင်းတွင် ယိမ်းအဖွဲ့(၁၁)ဖွဲ့က ယိမ်းအကများနှင့် LMC တီးဝိုင်းအဖွဲ့က စင်တင်တေးဂီတများဖြင့် ကပြဖြေဖျော်ပြီး နေ့စဉ် နံနက်ပိုင်းနှင့် ညနေပိုင်းတွင် စတုဒိတာကျွေးခြင်းနှင့် နေ့လယ် သင်္ကြန်ထမင်းထုပ်ဝေခြင်းတို့ဖြင့် လည်းကောင်း၊ တပ်နယ်ရှိ သင်္ကြန်မဏ္ဍပ်များတွင်လည်း သင်္ကြန်အတက်နေ့ထိ ယိမ်းအကများနှင့် စင်တင်တေးဂီတများဖြင့် ကပြဖြေဖျော်ခြင်းနှင့် စတုဒိတာကျွေးခြင်းတို့ဖြင့် လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
သန်းဇော်ဉီး ခရိုင်(ပြန်/ဆက်)


