ဦးကြည်ဝင်း (MQPSA)

ဓာတ်သတ္တုတူးဖော်သော မြေအောက်မိုင်းများ (Under Ground Mine) နှင့် စက်မှုကုန်ကြမ်းများ၊ ကျောက်စိမ်းမိုင်းများ၊ အလှဆင်ကျောက်များ၊ လမ်းခင်းကျောက်များ၊ အဆောက်အအုံသုံးကျောက်များ၊ တူးဖော်ထုတ်လုပ်သောမြေပြင် မိုင်းများ (Surface Quarry Mine) များ၊ ယင်းလုပ်ငန်းများနှင့် ဆက်စပ်နေသော ဓာတ်သတ္တုသန့်စင်စက်ရုံများ၊ ကျောက်ခွဲစက်များ၊ မိုင်းဖောက်ခွဲခြင်းများ၊ သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများအားလုံးကို မိုင်းလုပ်ငန်းများဟု ခြုံငုံသတ်မှတ် လိုက်ခြင်းဖြစ်သည်။


သဘာ၀ပတ်ဝန်းကျင်ဆိုသည်မှာ ဧရိယာတစ်ခု အတွင်း သဘာ၀ပထဝီအနေအထားကို မူလအခြေအနေ အတိုင်းရှိနေစေခြင်းဟူ၍ ခြုံငုံ၍ ဆိုလိုကြသည်။ လူတို့မြင်တွေ့နေရသော အရာများ၊ မြို့ပြများတိုးတက် လာခြင်း၊ နေအိမ်တိုက်တာအဆောက်အအုံများ အဆင့် အတန်းမြင့်မားလာခြင်း၊ ပတ်ဝန်းကျင်အသံများ ဆူညံလာခြင်းတို့မှာ တစ်နေရာမှ တစ်နေရာရွေ့လျား ပြောင်းလဲနေကြသည်ဖြစ်ရာ သဘာဝပတ်ဝန်းကျင်မှာ အတည်တကျမရှိနိုင်တော့ပေ။ အုပ်ချုပ်မှု၊ စီမံခန့်ခွဲမှု တို့သည် အဓိကအရေးပါလာတော့သည်။ မိုင်းလုပ်ငန်းများ သည် နိုင်ငံအသီးသီးအစိုးရများက ချမှတ်ထားသော သဘာ၀ပတ်ဝန်းကျင်နှင့် သယံဇာတမူဝါဒများကို လိုက်နာကျင့်သုံးလျက် ထုတ်လုပ်မှုလုပ်ငန်းများ၊ ဖွံ့ဖြိုး တိုးတက်ရေးကို ဆောင်ရွက်ရာတွင် ကျင့်ဝတ်များနှင့် ညီညွတ်ရန် လိုအပ်ပေသည်။


လူမှုဘ၀တွင် မရှိမဖြစ်ဆောင်ရွက်နေရမည့် မိုင်းလုပ်ငန်းများ


မိုင်းလုပ်ငန်းများမှ ကျွန်ုပ်တို့နေ့စဉ်လူမှုဘဝအတွက် အသုံးအဆောင်ပစ္စည်းများ၊ ဆေးဝါးများ၊ အဆောက် အအုံ တိုက်တာနေအိမ်များ၊ လမ်းပန်းဆက်သွယ်ရေးနှင့် လေယာဉ်ကွင်းကြီးများ၊ အလှဆင်ကျောက်ပြားများ၊ စိုက်ပျိုးရေးလုပ်ငန်းအတွက် ပစ္စည်းကိရိယာများ၊ ဓာတ်မြေဩဇာများ၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ထုတ်လုပ်ပေးလျက်ရှိနေပေသည်။ မြေအောက် ဓာတ်သတ္တုတူးဖော်ရေးမိုင်းများမှ ခနောက်စိမ်း၊ သံ၊ သံဖြူ၊ ငွေ၊ ကြေးနီ၊ နီကယ်၊ သွပ်၊ ခဲစသည့် သတ္တုရိုင်းများ တူးဖော်ထုတ်လုပ်၍ မြေပြင်ရှိ သတ္တုသန့်စင်စက်ကြီး များတွင် ပြန်လည်သန့်စင်ကြရသည်။


ဂျစ်ပဆမ်ကျောက်များ၊ ဆား၊ ပိုတက်ရှ်၊ ကျောက်မီး သွေး၊ အဆင့်မီထုံးကျောက်၊ ကာအိုလင်း၊ စက်မှုကုန်ကြမ်း ရွှံ့စေး၊ စီလီကာသဲများ၊ ဘိလပ်မြေများ၊ ကွန်ကရစ်ပိုက်လုံး ကြီးများ၊ ဘလောက်တုံးကြီးများ၊ အုတ်၊ ပလတ်စတာ၊ ပလတ်စတာဘုတ်များကိုလည်း မြေပြင်မိုင်းလုပ်ငန်းနှင့် စက်ရုံကြီးများမှ ထုတ်လုပ်ပေးလျက်ရှိသည်။ လမ်းခင်း ကျောက်များနှင့်ကတ္တရာများကိုလည်း ထိုနည်းအတူ ထုတ်လုပ်ပေးလျက်ရှိပါသည်။ မော်တော်ကားလမ်း တစ်မိုင်ခင်းရန်အတွက် ကြိတ်ခွဲထားသော လမ်းခင်း ကျောက် ကျောက်တန်ချိန်တစ်သန်း၏ လေးပုံတစ်ပုံ ခန့်ကို အသုံးပြုနေကြရသည်ဖြစ်ရာ ကမ္ဘာတစ်ခုလုံး၏ နှစ်စဉ်လမ်းခင်းကျောက် လိုအပ်ချက်ကို ခန့်မှန်း တွက်ချက်နိုင်မည်ဖြစ်သည်။


မြေအောက်မိုင်းများမှ သဘာ၀ပတ်ဝန်းကျင်ထိခိုက်မှုများ


မြေအောက်မိုင်းများမှ ဓာတ်သတ္တုများ၊ ရွှေနှင့် စိန်အလူမီနီယံ၊ မဂ္ဂနီးစ်၊ ကြေးနီ၊ ခရိုမီယံနှင့် နီကယ်များကို ထုတ်လုပ်ပေးလျက်ရှိသည်။ မြေအောက်မိုင်းများသည် မြေပြင်မှ ၂၄၄၀ မီတာခန့်အထိ တူးဖော်လျက်ရှိရာ Tunnel များနှင့် Level များမှ ထွက်ရှိလာသည့် စွန့်ပစ်မြေစာကျောက်စာများ၏ ပမာဏမှာ မနည်းလှပေ။ ယမ်းဖောက်ခွဲရာမှ ထွက်ရှိလာသည့် အလွန်မြင့်မားသော ဖိအားများ၊ အပူချိန်များသည် သဘာ၀ပတ်ဝန်းကျင်ကို ထိခိုက်စေပါသည်။ ထုတ်လုပ်မှု လုပ်ငန်းစဉ်များတွင် ရေအများအပြား အသုံးပြုကြရသည်။ မြေအောက်မိုင်း များမှ မီသိန်းဓာတ်ငွေ့၊ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များ ထုတ်လွှတ်ပေးလျက်ရှိသည်။ မြေအောက်ဓာတ်သတ္တု မိုင်းများမှ ထွက်ပေါ်လာသည့် မီးများကို ငြှိမ်းသတ်ရန် ခက်ခဲသဖြင့် မြေအောက်မိုင်းများတွင်ပင် ဆက်လက် လောင်ကျွမ်းစေလျက်ရှိရာမှ အဆိပ်ဓာတ်ငွေ့များ ထွက်ပေါ်လျက်ရှိပြီး နှစ်ပေါင်းများစွာ လောင်ကျွမ်းနေ ခြင်းဖြစ်သည်။ ကမ္ဘာပေါ်တွင်ရှိသော ရာနှင့်ချီသည့် မြေအောက် မိုင်းကြီးများမှာ မီးလောင်ကျွမ်းမှုများဖြစ်ပေါ်နေသဖြင့် မီသိန်းနှင့် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ငွေ့များ လေထုအတွင်း ရောက်ရှိနေကြသည်။ ထိုကဲ့သို့ သော မြေအောက်မိုင်းကြီးများမှာ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယနိုင်ငံတို့တွင် တည်ရှိနေကြပေသည်။


Black Smith Institude ၏ ၂၀၀၇ ခုနှစ် ကြေညာ ချက်အရ သဘာ၀ပတ်ဝန်းကျင် အညစ်ညမ်းဆုံးလုပ်ငန်း များအနက် မိုင်းလုပ်ငန်းများမှာ ထိပ်ဆုံး (၁၀)နေရာတွင် အဆင့် (၇) ၌ ရှိခဲ့သည်။


မြေပြင်မိုင်းများ


မြေပြင်မိုင်းများ ယမ်းဖောက်ခွဲရာ၌ ယမ်းများ၏ ပေါက်ကွဲအားမှာ တစ်စက္ကန့်လျှင် မီတာ ၂၀၀၀ မှ မီတာ ၇၀၀၀ အထိ ပေါက်ကွဲမှုအားများ ပျံ့နှံ့စေပါသည်။ ဓာတ်ငွေ့ထုထည်မှာ ယမ်းတွင်းများရှိ ယမ်းများအတွင်း တစ်ကီလိုဂရမ်လျှင် ၆၀၀ လီတာမှ ၁၀၀၀ လီတာထွက်ရှိ တွန်းကန်ကာ အပူချိန်သည်လည်း ၆၀၀ ကီလိုဂရမ်ကယ် ဗင်မှ ၁၇၀၀ ကီလိုဂရမ်ကယ်ဗင်အထိ ထွက်ရှိသည်။ ပေါက်ကွဲချိန် အပူချိန်မှာ ၁၉၀၀ စင်တီဂရိတ်မှ ၄၅၀၀ စင်တီဂရိတ် ထုတ်လွှတ်ပေါက်ကွဲခြင်းဖြစ်၍ စွမ်းအင်ထုထည်ကြီးမားစွာဖြစ်ပေါ်ခြင်း၊ တုံ့ပြန်မှုမြင့်မားခြင်း၊ အပူချိန်မြင့်မားစွာ ထုတ်လွှတ်ခြင်း၊ ဓာတ်ငွေ့များ ယမ်းတွင်းအောက်ခြေမှ ထုတ်လွှတ်ခြင်း၊ အသံမြည် ဟည်းကျယ်လောင်စွာ ထွက်ပေါ်ခြင်းတို့ဖြစ်ပေါ်သည်။ ကျောက်မိုင်းများတွင် ယမ်းများအလွန်အကျွံသုံးစွဲဖောက် ခွဲရာမှ မြေကြီးတုန်ခါမှု ဖြစ်ပေါ်စေပါသည်။ မြေကြီး တုန်ခါမှုသည် အနီးတစ်ဝိုက်လူနေအိမ်များနှင့် စက်ရုံ များ၊ အဆောက်အအုံများကို သက်ရောက်ထိခိုက်စေသည်။ ယမ်းဖောက်ခွဲရာမှ ထွက်ပေါ်လာသော ရေလျှံမှုလှိုင်းမှာ တစ်စက္ကန့်လျှင် ၂ လက်မနှုန်းထက်နည်းပါက ထိခိုက်မှု နည်းပြီး တစ်စက္ကန့်လျှင် ၅ ဒသမ ၄ လက်မရှိပါက ထိခိုက် မှုများ ဖြစ်ပေါ်စေကာ အများဆုံးတစ်စက္ကန့်လျှင် ၇ ဒသမ ၆ လက်မရှိပါက ကြီးမားသော ထိခိုက်မှုများဖြစ်စေပါသည်။


ယမ်းဖောက်ခွဲရာမှ ထွက်ပေါ်လာသော ကာဗွန်မို နော့ဆိုက်၊ ကာဗွန်ဒိုင်အောက်ဆိုက်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့ များသည် လူတို့၏ ကျန်းမာရေးကို များစွာထိခိုက်စေပါ သည်။ မြေပြင်မိုင်းလုပ်ငန်းများမှ ထွက်ပေါ်လာသည့် ဆူညံသံများအန္တရာယ်၊ လေထုညစ်ညမ်းမှုအန္တရာယ်များကြောင့် သက်ရှိသတ္တဝါများ နေထိုင်ရာနေရာများ ပျက်စီးခြင်း ကြုံတွေ့ကြရသည်။ မြေပြင်မိုင်းများ၏ ဧရိယာအတွင်း ရေဝပ်သောနေရာများတွင် အက်စစ်များ၊ အယ်လ်ကာလီများ၊ စက်သုံးဆီများမှ အနံ့ဆိုးများနှင့် ဓာတ်ငွေ့များ ရောနှောဖြစ်ပေါ်စေသည်။ စွန့်ပစ်မြေစာပုံများရှိခြင်းဖြင့်လည်းကောင်း၊ ရေမြောင်းများမရှိပါက လည်းကောင်း ရေဝပ်မှုများ ဖြစ်ပေါ်လာရသည်။ ထိုရေများ အနိမ့်ပိုင်းသို့ စီးဆင်းသွားသည့်အခါ ကျောက်စရစ်များနှင့် အကျိအချွဲများပါသွားကာ ဆာလ ဖိုက်ဓာတ်များထွက်ရှိသည်။ ဆာလဖိုက်ဓာတ်များကြောင့် မြေဆီလွှာများ မြေဩဇာကုန်ခန်းစေသည်။ ချောင်းများ တွင်လည်း အလားတူသက်ရောက်စေသည်။ ဤသို့ဖြင့် နွေရာသီတွင် ရေများ ပိုမိုခန်းခြောက်လာသည်။ မြေအောက်ရေများမှာလည်း ရွံစရာကောင်းသော အခြေ အနေသို့ ရောက်ရှိသွားသည်။ အနီးရှိ မြေပြင်မိုင်းများမှ ရေကိုသုံးစွဲခြင်းဖြင့် အပင်များပျက်စီးသည်။ ဝပ်ရှော့များ၊ စက်ယန္တရားများမှ အမဲဆီ၊ ချောဆီများမှာလည်း စွန့်ပစ်ဆီအဖြစ် ရေတွင်မျောပါကာ ရေဆိုးများအဖြစ် ပျံ့နှံ့သွားစေသည်။ ရေဆိုးများ ပျံ့နှံ့ခြင်းသည် အရေးကြီး သော ပြဿနာဖြစ်သည်။ မြေပြင်မိုင်းများမှထွက်ရှိသော ကျောက်မှုန့်ဖုန်မှုန့်များသည် ရေတွင်ပျော်ဝင်ကာ ဓာတု တုံ့ပြန်မှုအန္တရာယ်များ ပျံ့နှံ့စေသည်။ ရေတိုက်စားခြင်း၊ သက်ရှိသတ္တုဝါများ အသက်ဆုံးရှုံးခြင်း၊ မြေဆီလွှာ ပျက်စီးမှုများ ဖြစ်ပေါ်စေသည်။


မိုင်းလုပ်ငန်းများသည် လေထုရေထုများတွင် သက်ရောက်မှုများရှိနေသည်ကို U.S Environmental Protection Agency (EPA) က အမေရိကန်နိုင်ငံတွင်းရှိ မိုင်းလုပ်ငန်းများမှ အမျိုးအစားကွဲပြားခြားနားသော သက်ရောက်မှု ၁၀၀ ခန့်မှာ ကျောက်အမှုန်များ၊ ဆာလဖာဒိုင်အောက်ဆိုက်ဓာတ်များကို လေထုအတွင်း ထုတ်လွှတ်သဖြင့် ထိခိုက်မှုရှိနေသည်ဟု ဆိုသည်။ ဆာလဖာအစုအပုံများမှ ဆာလဖျူရစ်အက်စစ်ဓာတ်များ ဖြစ်ပေါ်စေသည်။ အမေရိကန်နိုင်ငံရှိ မိုင်းလုပ်ငန်းများ သည် ၁၉၃၁၂ ကီလိုမီတာ အရှည်ရှိသော မြစ်များ၊ ချောင်းများမှတစ်ဆင့် ဆာလဖာများ၊ ဆာလဖာဒိုင် အောက်ဆိုက်များ ရေတွင်ပျော်ဝင်နေသည်ဟုလည်း Mineral Policy Center In Washington D.C မှ ထုတ်ပြန်ထားပါသည်။


မြေပြင်ကျောက်မိုင်းဧရိယာများအတွင်း အလွယ် တကူ ရေများစီးဆင်းထွက်သွားစေရန် ရေမြောင်းများ ဖောက်လုပ်ပေးခြင်း၊ ပစ္စည်းများ ထုတ်လုပ်သည့် နေရာပတ်လည်တွင် ကြားခံ (Buffer Area) များနှင့် စိမ်းလန်းမြေ (Green Zone) များထားရှိပေးခြင်း၊ သစ်ပင် များ စိုက်ပျိုးထားရှိခြင်းသည်လည်း မိုင်းလုပ်ငန်းများမှ ထွက်ရှိသော ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်များ၊ လျော့ကျစေသော အချက်တစ်ချက် ဖြစ်ပါသည်။ သစ်ပင်များသည် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ် ကို စုပ်ယူ၍ အောက်ဆီဂျင်ကို ထုတ်လုပ်ပေးရာ သစ်ပင်တစ်ပင်သည် တစ်နာရီလျှင် အောက်ဆီဂျင်ဓာတ် ၀ ဒသမ ၄၉ လီတာ ထုတ်ပေးပြီး တစ်ရက်လျှင် ၁၂ လီတာခန့် ထုတ်ပေးနိုင်သည်ဟု ဆိုပါသည်။ သစ်ပင် များ ကာရံထားသဖြင့် ကျောက်မှုန့်နှင့်ဓာတ်ငွေ့များ အဝေးသို့ ရောက်သွားနိုင်ခြင်းမရှိတော့ပေ။


မိုင်းလုပ်ငန်းများ ရပ်ဆိုင်းရမှာလား


မိုင်းလုပ်ငန်းများကြောင့် သဘာဝပတ်ဝန်းကျင်များ ထိခိုက်ပျက်စီးသည်ဟု ဆိုကြသည်။ သဘာဝပတ်ဝန်းကျင် ထိခိုက်ရခြင်းအကြောင်းများစွာ ရှိပါသည်။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ခြင်းကြောင့် ကမ္ဘာကြီး ပူနွေးလာ ခြင်း၊ မိုးများစွာရွာသွန်းခြင်း၊ လေထုညစ်ညမ်းခြင်း၊ ရေထုညစ်ညမ်းလာခြင်း၊ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ဖြစ်စဉ်များကို တစ်ကမ္ဘာလုံးက ခံစားနေကြရသည်။ ထိုသို့ဆိုလျှင် မိုင်းလုပ်ငန်းများကို ရပ်ဆိုင်းပစ်ရမည်လား ဟု ဆိုပါကလည်း မိုင်းလုပ်ငန်းများမှ ထုတ်လုပ်ပေးသော လူတို့ နေ့စဉ်သုံးစွဲနေရသည့် မရှိမဖြစ်ပစ္စည်းများကို မိုင်းလုပ်ငန်းများနှင့် စက်ရုံကြီးများမှ ထုတ်လုပ်ပေးနေ ခြင်းဖြစ်သည်။ ထို့ကြောင့်လည်း မိုင်းလုပ်ငန်းများကို ရပ်တန့်ရန် မဖြစ်နိုင်ပေ။ သို့သော် သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှုများကို လျှော့ချရန် နည်းလမ်းများကို အသုံးပြု၍ သတ်မှတ်ထားသည့် စည်းကမ်းဥပဒေများအတိုင်း လိုက်နာကျင့်သုံးဆောင်ရွက်ကြရန် လိုအပ်ပေသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှုလျှော့ချရန်အတွက် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုအစီအစဉ်များ ရေးဆွဲ၍ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ကနဦး ပတ်ဝန်းကျင်ဆန်းစစ်ခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ချက်ပြုလုပ်ခြင်း စသော သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လုပ်ငန်းစီမံကိန်း ပမာဏ များအလိုက် လုပ်ဆောင်ကြရမည်သာဖြစ်ပါကြောင်း တိုက်တွန်းလိုက်ရပေသည်။ ။


မြန်မာ့အလင်း