မိုးညှင်း ၃၀ ဇန်နဝါရီ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် မမုန်ကိုင်ကျေးရွာအုပ်စုအတွင်းရှိ မိုင်းနောင် ကျေးရွာနှင့် မမုန်ကိုင်ကျေးရွာကြားတွင် ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့်တွင် ဆိုင်ကယ်မျက်နှာ ချင်းဆိုင်တိုက်မိရာ ဆိုင်ကယ်မောင်းနှင်သူ(၂)ဦးလုံး အခင်းဖြစ်နေရာတွင် သေဆုံးသွားကြောင်း နယ်မြေရဲစခန်း(လုံးတုံ)မှ သိရသည်။

 

ဖြစ်ပွားပုံမှာ ဟိုပင်-နန့်မွန်း၊ညောင်ပင်-ဝှေခါသွားလမ်း မိုင်တိုင်အမှတ် ၂၀/၆ နှင့် ၂၀/၇ ကြား မိုင်းနောင်ကျေးရွာ မြောက်ဘက်ဘုရားကုန်း အတက်ကွေ့တွင်  မိုင်းနောင်ကျေးရွာဘက်မှ မမုန်ကိုင် ကျေးရွာဘက်သို့ စိုးမြင့်အောင် အသက် ၂၀ နှစ်၊ မိုးညှင်းမြို့နယ် မပြင်ကျေးရွာအုပ်စု နားလတန်း ကျေးရွာနေသူမောင်းနှင်ပြီး မြင့်ဇော် နောက်ထိုင် လိုက်ပါစီးနှင်းလာသည့် ဆိုင်ကယ်နှင့် မမုန်ကိုင်ကျေးရွာဘက်မှ  မိုင်းနောင်ကျေးရွာဘက်သို့မောင် သန့်ဇင်ဝင်း ဟိုပင်မြို့နေသူ မောင်းနှင်လာသည့် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိရာ စိုးမြင့်အောင်နှင့် သန့်ဇင်ဝင်းမှာ ဒဏ်ရာများရရှိပြီး နေရာတွင် သေဆုံးခဲ့ကာ မြင့်ဇော်တွင် ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် မိုးညှင်းပြည်သူ့ဆေးရုံတွင် အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)