မိုင်းဖြတ် ၆ ဧပြီ

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် အိုက်လုံ၊ အိုက်ငို့အုပ်စုမှ ကျေးရွာများနှင့်  ပြည်ထောင်စုလမ်းမကြီးပေါ်သို့၊ ထိုမှတစ်ဆင့် တောညုအုပ်စု ဆွပ်ပန်းကျေးရွာသို့ ဆက်သွယ်သွားလာနိုင်မည့် ကြိုတံတားကို နမ့်လုံချောင်းပေါ်တွင် ၂၀၁၉ ခုနှစ် မတ်လဆန်းပိုင်းက စတင်တည်ဆောက်ခဲ့ပြီး ဧပြီ ၆ ရက်၌ တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးပြီး ယခုအခါတွင် ကျေးရွာနေပြည်သူများ အချိန်မရွေးသွားလာနိုင်ပြီဖြစ်သည်။

 

“ကျွန်တော်တို့ ကျေးရွာနေပြည်သူများတွက် အဓိကအားထားရတဲ့ စိုက်ပျိုးရေးလုပ်ငန်းများ၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အကျိုးပြုပါတယ်။ ယခင်က ကျေးရွာ တစ်ရွာနဲ့တစ်ရွာကို သွားမယ်ဆိုရင် ချောင်ထဲကတစ်ဆင့် ဝါးဖောင်၊ ဘောကျွတ်တွေစီးပြီး သွားလာရတဲ့အတွက် အသက်အန္တရာယ် ဆုံးရှုံးတဲ့အထိ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် ယခုအခါမှာ ဒီကြိုးတံတား ဆောင်ရွက်ပြီးစီးသွားပြီ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကျေးရွာနေပြည်သူများရဲ့ လူမှုဘဝများ ဖွံ့ဖြိုးလာတော့မှာဖြစ်ပါတယ်” ဟု တောညုအုပ်စု အုပ်ချုပ်ရေးမှူး ဦးယောဟန်ထံက ပြောပြသည်။

 

အဆိုပါ ကြိုတံတားကို အလှူရှင်များနှင့် လွှတ်တော်ရန်ပုံငွေ ကျပ်သိန်း ၁၀ဝ၀ ထဲမှ ကျေးရွာအုပ်စုအတွက် ခွဲဝေရရှိသည့် ရန်ပုံငွေ ကျပ် ၄၅ သိန်းနှင့် ကျေးရွာနေပြည်သူတို့၏ လုပ်အားဒါနဖြင့် မတ်လဆန်းပိုင်းက စတင်ဆောင်ရွက်ခဲ့ပြီး တံတားအရှည်မှာ ၅၄ မီတာ၊ အကျယ် ၁.၇ မီတာဖြစ်သည်။ ယခုအခါ အဆိုပါကြိုးတံတား တည်ဆောက်ပြီးသည်ဖြစ်၍ အိုက်လုံအုပ်စုမှ ဟာကြားဒီပ၊ ဟာကြားဟုန်ကျေးရွာ၊ အိုက်ငို့အုပ်စုမှ ဝမ်ပိန်းကျေးရွာများနှင့် တောညုအုပ်စုမှ ဆွပ်ပန်းကျေးရွာများရှိ လူဦးရေ ၁၄၂၈ ဦးတို့၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စများကို အချိန်တိုအတွင်း သွားလာနိုင်တော့မည်ဖြစ်သည်။

 

သန်းထွန်းအေး(ပြန်/ဆက်)

 

mdn