မိုင်းဖြတ် ၉ ဧပြီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ    ဝေးလံခေါင်ပါးသည့် ကျေးရွာ ၈ ရွာမှ ကျေးရွာနေပြည်သူများ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်ရေးအတွက်  ကွန်ကရစ်တံတား တစ်စင်းကို တည်ဆောက်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါတံတားကို  နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုရန်ပုံငွေကျပ် ၁၂၂ ဒသမ ၃၁ သန်းဖြင့်  မခန်းပေါင်း ဟိုပေါ့ကျေးရွာသွား ၁၃ မိုင်လမ်းပေါ်တွင် တော်ဝင်မိုင်းဖြတ်နဂါး ဆောက်လုပ်ရေးကုမ္ပဏီမှ ဆောင်ရွက်ခဲ့ပြီး  တံတားအရှည် ၄၅ ပေ၊ အကျယ် ၁၇ ပေရှိ သံကူကွန်ကရစ် တံတားအမျိုးအစား ဖြစ်သည်။

 

ယခုအခါ အဆိုပါတံတားပြီးစီးမှု အခြေအနေမှ ၅၀ ရာခိုင်နှုန်းရှိပြီးဖြစ်၍ ၂၀၁၉ခုနှစ် မေလပိုင်းတွင် ဆောက်လုပ်ပြီးစီးမည်ဖြစ်ကြောင်း တာဝန်ခံအင်ဂျင်နီယာ ဦးမင်းဇော်ဦးထံမှ သိရသည်။

 

တံတားဆောက်လုပ်ပြီးစီးသွားပါက မွန်ကာကျောင်းကျေးရွာ အုပ်စုအတွင်းမှ ကျေးရွာများဖြစ်သည့်  ပါလောင်း၊ ညောင်ပင်သာ၊ ဟာဝိုင် ၁/၂/၃ ၊ ပါဆန်းဒေ၊ မခန်၊ ဟိုပေါ့ စသည့်ကျေးရွာ ရှစ်ရွာမှ ကျေးရွာနေပြည်သူများ ရာသီမရွေး ဖြတ်သန်းသွားလာနိုင်မည်ဖြစ်သည်။

 

ယခင်က အဆိုပါတံတားတည်ဆောက်နေသည့် ချောင်းမှ မိုးတွင်ကာလများတွင် မိုးကြီးပြီး တောင်ကျရေများ များပြားလွန်းခြင်းကြောင့် တံတားမရှိသည့်အတွက် ဖြတ်သန်းသွားလာမှုခက်ခဲခဲ့ပြီး ရွာသူ၊ ရွာသားများ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး ကိစ္စများ အခက်အခဲများ ဖြစ်ခဲ့ရကြောင်း တံတားကြီးတည်ဆောက် ပြီးစီးသွားပါက သွားလာရေး အဆင်ပြေလာတော့မည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)