မိုင်းပန် ၅   ဧပြီ

 

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၊ နားမွန်ကျေးရွာအုပ်စု၊ မိုက်ပုတ်(ပန်ပိ)ကျေးရွာတွင် ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) နယ်လှည့်ဝန်ဆောင်မှုအဖြစ် ကျေးရွာနေပြည်သူများအား မူးယစ်ဆေးဝါးဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မိုက်ပုတ်(ပန်ပိ)ကျေးရွာ ဘုန်းတော်ကြီးကျောင်းအတွင်း၌ ကျင်းပခဲ့သည်။

 

အဆိုပါအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က အဖွင့်အမှာစကားပြောကြားပြီး နယ်လှည့်ဝန်ဆောင်မှုလုပ်ငန်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လုပ်ဆောင်ချက်များအား လည်းကောင်း၊ မိုက်ပုတ်(ပန်ပိ)ကျေးရွာမှ မိုင်းပန်မြို့သို့ လာရောက်မည်ဆိုပါက (၃၆) မိုင် ကွာဝေးသော်လည်း တောင်တက် တောင်ဆင်းများ၍ ရာသီမရွေး အလွယ်တကူသွားလာနိုင်ခြင်း မရှိသောကြောင့် ဌာနဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲ များစွာရှိသည်ကို သိရှိရကြောင်း၊ ကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးပါက မိဘပြည်သူများအတွက် များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်သောကြောင့် ယခုကဲ့သို့ လာရောက်ဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းကျော်မိုးက လွှတ်တော်ဆိုင်ရာ အတွေ့အကြုံများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်အခန်းကဏ္ဍအနေဖြင့် ဆောင်ရွက်ပေးနိုင်မှု အားလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးထွဋ်ဦးရှိန်က တရားဥပဒေစိုးမိုးရေး၊ လူကုန်ကူးမှုဆိုင်ရာနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဆိုးကျိုးများအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနက မိုးရာသီကာလအတွင်း နှစ်ရှည်သီးနှံ စိုက်ပျိုးမည့်အကြောင်းအရာများ ပတ်သက်၍ စိုက်နည်းစနစ်များ အားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ဆရာဝန် ဒေါက်တာစိုင်းစောထူးအောင်မှ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအားလည်းကောင်း၊ မြို့နယ် လ.ဝ.က ဦးစီးမှူး ဦးအောင်ကျော်သူက နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးမှု အခြေအနေအားလည်းကောင်း ကျေးရွာနေ မိဘပြည်သူများအား သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးဟောပြောခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။ ထို့နောက်  ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) နယ်လှည့်ဝန်ဆောင်မှုအဖြစ် မိုက်ပုတ်ကျေးရွာ နှင့် နောင်ချိုကျေးရွာရှိ လူဦးရေ ၁၀ဝ ဦးအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးမှ မိဘပြည်သူများလက်ဝယ်သို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

မိုင်းပန် (ပြန်/ဆက်)

 

DSC0