မိုင်းယု ၁၉ မတ်
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့ရှိ ကိုယ်အင်္ဂါမသန်စွမ်းသည့် ပြည်သူများကို ကျိုင်းတုံမြို့ရှိ ကိုယ်ကာယပြန်လည်သန်စွမ်းစေရေးစင်တာသို့ မတ် ၁၈ ရက် နံနက်ပိုင်းက အခမဲ့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ကိုယ်အင်္ဂါမသန်စွမ်းသည့် မိုင်းယောင်းမြို့နယ်နှင့် မိုင်းယုမြို့မှ ပြည်သူ အမျိုးသား ခြောက်ဦး၊ အမျိူဒစမီဒ နှစ်ဦးတို့ကို ကိုယ်ကာယပြန်လည်သန်စွမ်းနိုင်စေရေးနှင့် အထောက်အကူပြု ပစ္စည်းကိရိယာများ အခမဲ့ ရရှိနိုင်ရန်အတွက် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ ဒုတပ်ဖွဲ့မှူး ဦးမင်မင်းလတ်နှင့် အဖွဲ့ဝင်များက ရွှေအိုးရတနာ အမြန်မော်တော်ယာဉ်လိုင်းဖြင့် ကျိုင်းတုံမြို့နယ်ရှိ ကိုယ်ကာယပြန်လည် သန်စွမ်းစေရေးစင်တာသို့ ဝိုင်းဝန်းကူညီ ပို့ဆောင်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ(ICRC)အဖွဲ့တို့မှ ပူးပေါင်း၍ ကိုယ်အင်္ဂါ မသန်စွမ်းသူများအတွက် ကိုယ်ကာယ ပြန်လည်သန်စွမ်းရေးဝန်ဆောင်မှုများ၊ အထောက်အကူပြုပစ္စည်း ကိရိယာများကို အခမဲ့ကူညီထောက်ပံ့ပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ပေးနေကြောင်း သိရသည်။
ကိုကိုနိုင်(မိုင်းယု)


