မိုင်းယု ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့တွင် လှေပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကြီးမှူးကျင်းပသည့် သုံးနှစ်တစ်ကြိမ် ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ဧပြီ ၂၉ ရက်မှ မေ ၁ ရက်ထိ သုံးရက်တိုင်တိုင် အဆိုပါမြို့၏ နမ့်လွေချောင်း သဲသောင်ပြင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဟု လျာထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

အဆိုပါ ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို မိမိဒေသရှိ ဒေသခံတိုင်းရင်းသားဘိုးဘွားများ လက်ထက်မှစ၍ လူမှုရေး၊ စီပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းများနှင့် စိုက်ပျိုးရေးများ တိုးတက်ကောင်းမွန်စေရန်နှင့် အခြားသဘာဝဘေးအန္တရာယ် အမျိုးမျိုးကျရောက်မှုမှ ကာကွယ်နိုင်သည့် အယူအဆတို့ဖြင့်  ရိုးရာဓလေ့နတ်များကို ပူဇော်ပသကြပြီး သုံးနှစ်မှ တစ်ကြိမ်သာလျှင် ရိုးရာလှေလှော်ပြိုင်ပွဲကို ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း၊ ပွဲတော်မပြုလုပ်ပေးပါက လူမှုစီးပွားရေးလုပ်ငန်းများနှင့် ဘေးအန္တရာယ်အမျိုးမျိုး ကျရောက်တတ်သည်ဟု ရှေးရိုးအစဉ်အလာ အယူအဆများရှိခဲ့သောကြောင့် ယင်းပွဲတော်ကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့မိမြို့ဖများထံမှ သိရသည်။

ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ် မေလထဲ၌ တစ်ကြိမ်ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ် မေလတွင် ကျင်းပရန် နောက်တစ်ကြိမ် ကျရောက်ခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါများ ဂယက်ထလာမှုကြောင့် ၂၀၂၂ ခုနှစ် မေလက ကျင်းပပြုလုပ်မှုကို ရပ်နားထားခဲ့ရခြင်းဖြစ်ကြောင်း၊ ယခု ရိုးရာဓလေ့လှေလှော်ပြိုင်ပွဲကို ၂၀၂၃ ခုနှစ် ဧပြီ ၂၉ ရက်မှ မေလ ၁ ရက်ထိ သုံးရက်တိုင်တိုင် မြို့မရပ်ကွက်အနီးရှိ နမ့်လွေချောင်းတွင် စည်ကားသိုက်မြိုက်စွာဖြင့် ပြန်လည်ကျင်းပ ပြုလုပ်သွားမည်ဟု လျာထားကာ ပြိုင်ပွဲရက်အား အတည်တကျ ဖြစ်စေရန်အတွက် ပြန်လည်ဆွေးနွေး ညှိနှိုင်းသွားမည်ဖြစ်ကြောင်းနှင့် မိုင်းလွေကျေးရွာအုပ်စု၊ မိုင်းလွေကျေးရွာတွင်လည်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကိုကိုနိုင်(မိုင်းယု)