နေပြည်တော် ၂၄ မတ်
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ညနေပိုင်းက မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊ မော်ဟန်-နမ္မချီမှော် ကားလမ်းတွင် မင်းခန့်စည်သူကျော် မောင်းနှင်ပြီး လွင်မိုးလိုက်ပါလာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၆၀၀ သိမ်းဆည်းရမိသည်။
အလားတူ ယင်းနေ့ ည ၁၁ နာရီက ဝိုင်းမော်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ (၁၃)ကီလိုမီတာ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် အိုက်အောင် မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ နံနက် ၁၁ နာရီခွဲက မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာ၊ အိမ်အမှတ်(၂/၆၂)ရှိ သင်းသင်းနွယ်၏ နေအိမ်ကိုရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၂၀၀ သိမ်းဆည်းရမိသဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်


