မိုးညှင်း ၈ ဧပြီ
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်းရှိ မျက်စိရောဂါဝေဒနာရှင်များနှင့် မျက်စိခွဲစိတ်ရန်လိုအပ်သည့် လူနာများအား မျက်စိစမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ရန်လိုအပ်သည့် မျက်စိဝေဒနာရှင်များကို ရန်ကုန် မြို့မှ မျက်စိပါရဂူကြီးများနှင့် ကျွမ်းကျင်ပညာရှင်များက ဧပြီ ၂၀ ရက်မှ ၂၅ ရက်အထိ ပုညရှင်တောရ အပြည်ပြည်ဆိုင်ရာ ဝိပဿနာရိပ်သာတွင် ဖွင့်လှစ်ထားရှိသည့် ပုညရှင် စက္ခုပါလ မျက်စိကုဆေးရုံ၌ အခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျက်စိရောဂါဝေဒနာရှင်များအနေဖြင့် ယခု ၁၇ ရက်မှ ၁၉ ရက် အထိ စာရင်း ပေးသွင်းခြင်း လုပ်ငန်းများကို မိမိတို့နှင့်သက်ဆိုင်သည့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံတွင်လည်းကောင်း၊ ပုညရှင်စက္ခုပါလဆေးရုံးကြီး၌လည်းကောင်း စာရင်းပေးသွင်းရမည်ဖြစ်ပြီး၊ ယခုလ ၂၀ ရက် မှ ၂၄ ရက်အထိ အဆိုပါဆေးရုံကြီးတွင် မျက်စိစမ်းသပ်စစ်ဆေးခြင်းကို လက်ခံဆောင်ရွက်ပေးမည် ဖြစ်ပြီး ခွဲစိတ်ရန်လိုမည့် လူနာများအား (၂၃)ရက်နေ့မှ(၂၅)ရက်အထိ ခွဲစိတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက် ပေးသွားမည်ဖြစ်သည်။
အဆိုပါ မျက်စိစမ်းသပ်စစ်ဆေးကုသမှုလုပ်ငန်းနှင့် ပတ်သက်၍ ဆေးရုံ တည်ဆောက်ရေးနှင့် ကုသမှု လုပ်ငန်းအတွင်းရေးမှူး ဦးဆောင်ဆန်းဦးက “အခုက တတိယအကြိမ် ဆောင်ရွက်တာဖြစ်တယ်၊ အဲဒီ ကုသရေးစတဲ့နေ့မှ ဆေးရုံဖွင့်ပွဲပါဆောင်ရွက်မယ်၊ မျက်စိကုသရေးလုပ်ငန်းပြီးသွားရင် အထွေထွေ ရောဂါကုသရေးဆက်လက်လုပ်ဆောင်သွားမယ်၊ မိုးညှင်းဆေးရုံက ဆရာဝန်ကြီးတွေနဲ့အပြင် ဆရာဝန်တွေ အလှည့်ကျနဲ့ကုသပေးသွားဖို့ရှိတယ်”ဟု ပြောကြားသည်။
ပုညရှင်စက္ခုပါလ အသင်းအနေဖြင့် ၂၀၁၇ ခုနှစ်ဧပြီလတွင် ပထမအကြိမ်၊ ၂၀၁၈ခုနှစ်ဧပြီလတွင် ဒုတိယအကြိမ် ဆောင်ရွက်ပေးခဲ့ပြီး မျက်စိဝေဒနာရှင်ပေါင်း ၄၀ဝ၀ ကျော် မျက်စိစမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့ပြီး ယခုအကြိမ်သည် တတိယအကြိမ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


