မိုးညှင်း ၃၀ မတ်
ကချင်ပြည်နယ် မိုးညှင်းမြို့နယ်တွင် ပထမအကြိမ်အဖြစ် ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် ဒေသခံ ပရဟိတလူငယ်များ စုပေါင်း၍ ညှိနှိုင်းဆွေးနွေးခြင်းကို မတ် ၂၉ ရက် ညနေပိုင်းက အရှေ့ကျောင်း ပရိယတ္တိစာသင်တိုက်တွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်ကို မိုးညှင်းမြို့မဈေးထောင့် မင်ကွမ်း လက်ဖက်ရည်ဆိုင်မှ နားခါရ့်ကွက်အုပ်ချုပ်ရေးမှူးရုံးအထိ ကျင်းပရန် ဆုံးဖြတ်ခဲ့ကြသည်။ လမ်းလျှောက်သင်္ကြန် ကျင်းပရာ လမ်းတစ်လျှောက်တွင် ဒေသထွက်ကုန် ရိုးရာခမောက်များဖြင့် အလှဆင်ပြီး ရေကစားမဏ္ဍပ်များထားရှိကာ အလှူရှင်ကုသိုလ်ရှင်များ၏ စတုဒိသာအကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေးခြင်းကို သင်္ကြန်ကာလအတွင်း နေ့စဉ်နံနက်(၁၀)နာရီမှ (၁၂)နာရီထိတစ်ကြိမ်၊ညနေ(၃)နာရီမှ(၅)နာရီထိ တစ်ကြိမ်ဧည့်ခံကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ လမ်းလျှောက်သင်္ကြန် ကျင်းပမည့်နေရာနှင့် မလှမ်းမကမ်းတွင် ဗဟိုမဏ္ဍပ်ကိုလည်း ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ရာ ယခင်နှစ်များထက် စည်ကားမည်ဖြစ်သဖြင့် သင်္ကြန်ကာလအတွင်း ရာဇဝတ်မှုများ မဖြစ်ပွားစေရေးအတွက် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ချွန်တွန်း


