မိုးညှင်း ၁၁ ဧပြီ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်တွင် ၁၃၈၀ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော်ကို မြို့နယ်အတွင်းရှိ (CSOs) အသင်းပေါင်းစုံက စုပေါင်းဆောင်ရွက်သည့် ပထမအကြိမ် လမ်းလျှောက် သင်္ကြန်ပွဲကို ဒေသထွက် ဝါးခမောက်များအလှဆင်၍ ကျင်းပသွားမည်ဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
လမ်းလျှောက်သင်္ကြန်ပွဲကို မြို့လယ်လူအစည်းကားဆုံးနေရာတစ်ခုဖြစ်သည့် မင်ကွမ်းလက်ဘက်ရည်ဆိုင်ထောင့်မှ ဟိုးဟိုးလျှပ်စစ်ပစ္စည်းအရောင်းဆိုင်နားအထိ အလှဆင်ထားသည့် ဝါးခမောက်များကို ချိတ်ဆွဲကျင်းပသွားမည်ဖြစ်ပြီး ပွဲတော်ရက်များအတွင်း စတုဒိသာများလည်း နေ့စဉ်ဝေငှသွားမည်ဖြစ်သည်။
ပွဲတော်ကျင်းပရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်သူ ဦးကျော်ခိုင်ဝင်းက “ခရိုင်မြို့ဖြစ်တဲ့အတွက် ခရိုင်မြို့နှင့် အညီလမ်းလျှောက်သင်္ကြန်ကို ပထမဆုံးကျင်းပရခြင်းဖြစ်တယ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုသင်္ကြန်ဆိုတာ ဒီလိုမျိုးဘာလားလို့ အခုခေတ်လူငယ်တွေကို သိစေချင်တယ်၊ အခုကျင်းပမယ့် ပွဲနေရာမှာ အရက်၊ ဘီယာတွေကို ရောင်းချခွင့်ပေးမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။
အဆိုပါလမ်းလျှောက်သင်္ကြန်ပွဲတော်ကို အကြိုနေ့မှစ၍ အတက်နေ့အထ ိနေ့စဉ်နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ တစ်ကြိမ်နှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ တစ်ကြိမ် တစ်ရက်ကို (၂)ကြိမ်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(ပြန်/ဆက်)


