တပ်ကုန်း ၈ ဧပြီ
လူငယ်ရေးရာမူဝါဒ မဟာဗျူဟာ လုပ်ငန်းစဉ်များကို ဖော်ဆောင်ရန်အတွက် လူငယ်ရေးရာ ကော်မတီ ဖွဲ့စည်းခြင်း အစည်းအဝေး အခမ်းအနားကို ဧပြီ ၈ ရက် နံနက် ၉ နာရီက နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းတွင် ကျင်းပသည်။
အခမ်းအနားတွင် နေပြည်တော်လူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးအောင်မြင်ထွန်း ၊ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင့်တို့က အဖွင့်အမှာစကား ပြောကြားပြီးနောက် နေပြည်တော် လူငယ်ရေးရာကော်မတီအဖွဲ့ဝင် ဦးမျိုးသူစိုးက လူငယ်ရေးရာ မူဝါဒများ ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူ (၁၀)ဦး၊ လူငယ်ကိုယ်စားလှယ် အဖွဲ့ဝင် (၁၅)ဦးနှင့် တပ်ကုန်းမြို့ လူငယ်ရေးရာကော်မတီဖွဲ့စည်း အတည်ပြုခဲ့ကြသည်။
လူငယ်အများစု ကျန်းမာကြံ့ခိုင်ရေး၊ ပညာရေး၊ လူမှုရေး၊ စွမ်းရည်၊ လူ့ကျင့်ဝတ်၊ လူ့တန်းဖိုးနှင့် ဦးဆောင်မှု အရည်အသွေး ပူးပေါင်းပါဝင်ဆောင်ရွက်ရေး စသည်တို့တွင် သာတူညီမျှ ဘက်စုံဖွံ့ဖြိုးတိုးတက်သော လူငယ်များအဖြစ် ပျိုးထောင်ပေးပြီး နိုင်ငံ့သားကောင်း လူငယ်များ ပေါ်ထွန်းလာစေရန် ရည်မှန်း၍ မြို့နယ်အဆင့် လူငယ်ရေးရာ ကော်မတီ ဖွဲ့စည်းရခြင်းဖြစ်ကြောင်း တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
MDN


